တနင်္သာရီမြို့နယ်အတွင်း ကာကွယ်ဆေးထိုး စုရပ်များ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ

တနင်္သာရီ ဩဂုတ် ၉

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိ သည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ပရဟိတ စေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများ၊ စားသောက်ဆိုင်/ ဈေးရောင်းသူများ၊ တည်းခိုခန်းပိုင်ရှင်များ၊ ယာဉ်မောင်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ် ၍ ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးနေရာ ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီ အထိ Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရှိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ အောင်သိုက်ထွန်း လမ်းညွှန်မှုဖြင့် ဆေးထိုးစုရပ်(၃) နေရာခွဲ၍ တစ်ပြိုင်တည်းထိုးနှံပေးခြင်းဖြစ်သည်။

တနင်္သာရိမြို့-ချောင်းငယ်ရပ်ကွက်၊ အမက-ချောင်းငယ်စုရပ်တွင် မိခင်နှင်ကလေးစောင့်ရှောက်ရေး ဌာနမှ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း၍ အသက်(၆၅)နှစ်အထက် ဘိုးဘွား(၁၅)ဦး၊ စေတနာ့ဝန်ထမ်း(၁)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦး၊ ဈေးသည်(၅၁)ဦးနှင့် စက်ရုံ လုပ်သား(၃)ဦး စုစုပေါင်း(၈၀)ဦးကို ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။

အလားတူ ညောင်ပင်ကွင်းကျေးရွာအုပ်စု-အထက ညောင်ပင်ကွင်းကျောင်းတွင် ညောင်ပင်ကွင်း ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာ ရေးမှူး ဆရာဦးမြတ်သီလက ကြီးကြပ်၍ ကျန်းမာရေး ဆရာမ များက အသက်(၆၅)နှစ် အထက်ဘိုးဘွား(၉၆)ဦး၊ ဈေးသည်(၄၈)ဦးနှင့် Taxi သမား(၆)ဦး စုစုပေါင်း(၁၅၀)ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြသည်။

အလားတူ တကူကျေးရွာအုပ်စု၊ အထက-တကူကျောင်းတွင် တကူတိုက်နယ်တာဝန်ခံ ဆရာဝန် ဒေါက်တာ ဖြိုးမြင့်ကြည်က ကြီးကြပ်မှုဖြင့် ဆရာ/ဆရာမများက အသက်(၆၅)နှစ်အထက် ဘိုးဘွား (၄၃)ဦး၊ စေနာ့ဝန်ထမ်း(၉)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၂)ဦး၊ ဈေးသည်များနှင့် မိသားစုဝင်များ(၁၂၃)ဦးနှင့် Taxi မောင်းသမား(၁၃)ဦး စုစုပေါင်း(၂၀၀)ဦးတို့အား ထိုးနှံပေးနိုင်ခဲ့သည်။

 

သို့ပါ၍ တနင်္သာရီမြို့နယ်တွင် သြဂုတ်လ(၈)ရက်နေ့က ဆေးထိုးစုရပ်(၃)ခုမှာ Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသူဦးရေ ပေါင်း(၄၃၀)ဦးဖြစ်သည်။ တနင်္သာရီမြို့နယ်အတွက် Sinopharm ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(ပထမ)အကြိမ်(၁၄၃၅)လုံးရရှိပြီး ဩဂုတ်လ ၆ ရက်နေ့က ဒုတိယ အကြိမ် နောက်တိုးအဖြစ်(၅၂၀)လုံးကို ထပ်မံရရှိရာ စုစုပေါင်း(၁၉၅၅)လုံး ရရှိသည်။ သို့ဖြစ်၍ ဆေးတစ်လုံး လျှင် လူ(၂)ဦး ထိုးနှံပေးနိုင်သဖြင့် လူဦးရေ(၃၉၁၀)ဦးအား ဩဂုတ်လ ၉ ရက်နေ့အထိ ဆေးထိုးစုရပ်များခွဲ၍ ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်းထံက သိရှိရသည်။

နန်းသာရီ-ထိန်ဝင်း