တနင်္သာရီ ဩဂုတ် ၉
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့ အဝင်/အထွက် တနင်္သာရီတံတားထိပ်ရှိ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်စစ်ဆေးရေးဂိတ်တွင် နေ့စဉ်ကျန်းမာရေးစစ်ဆေးပေးလျက်ရှိရာ ယမန်နေ့က နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားခြင်း ခံစားနေရသူ (၁၅)ဦးအား မြို့နယ်ပြည်သူ့ ဆေးရုံဆရာဝန်ကြီး ဒေါက်တာ အောင်သိုက်ထွန်း၏ လမ်းညွှန်မှုအရ ကျန်းမာရေးကြီးကြပ်(၂) ဒေါ်ဇာခြည်ဝင်းနှင့် ဒေါ်သီသီအေးတို့က ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရမှု ရှိ/မရှိ RDT Test- Kit ဖြင့် စစ်ဆေးပေးရာမှာ (၁၀)ဦးတွင် ရောဂါပိုး အတည်ပြုတွေ့ရှိကြောင်း တံတား စစ်ဆေးရေးဂိတ်မှ သိရှိရသည်။
တံတားစစ်ဆေးရေးဂိတ်၌ ပိုတွေ့ရှိသူများမှာ ချောင်းငယ်ရပ်ကွက်၊ မြသီတာလမ်းမှ အသက်(၅၁)နှစ်၊ (၇၆)နှစ်အရွယ်ရှိ အမျိုးသား(၂)ဦး၊ (၄၅)နှစ်(၅၃)နှစ်၊ (၁၆)နှစ်၊ (၅၀)နှစ်၊ အရွယ်ရှိ အမျိုးသမီး(၄)ဦး၊ သီတာလမ်းမှ(၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ မင်္ဂလာငယ်လမ်းမှ (၃၄)နှစ်ရှိ အမျိုးသမီးတစ်ဦး၊ ပဝဝါသကျေးရွာမှ(၂၁)နှစ်အရွယ် အမျိုးသားတစ်ဦး စုစုပေါင်း(၁၀)ဦး ဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ ဓာတ်ခွဲခန်းအတွင်း အနံ့မရခြင်း၊ ဖျားနာခြင်း ခံစားနေရသူ (၄၀)ဦးအား ဓာတ်ခွဲကျွမ်းကျင် (၄)ဒေါ်လဲ့လဲ့အေးက ကိုဗစ်ရောဂါကူးစက်ခံထားရခြင်း ရှိ/မရှိ RDT Test-Kit ဖြင့် စစ်ဆေးပေးရာ (၅)ဦးတွင် ရောဂါပိုးအတည်ပြု တွေ့ရှိရကြောင်း ပြည်သူ့ဆေးရုံမှ သိရှိရ သည်။
သုခလမ်းမှ အသက်(၈၇)နှစ်၊ (၅၁)နှစ်၊ (၂၂)နှစ်အရွယ်ရှိ အမျိုးသမီး(၃)ဦး၊ သဘော့လိပ် ရွာမှ(၂၄)နှစ် အရွယ် အမျိုးသမီးတစ်ဦးနှင့် ဘန်းလမွန်ကျေးရွာအုပ်စု-ရမ်းဖိုရွာမှ အသက်(၂၅)အရွယ် အမျိုးသား တစ်ဦး စုစုပေါင်း(၅)ဦးတို့သည် ဆေးရုံဓာတ်ခွဲခန်းတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိသူများ ဖြစ်သည်။
အဆိုပါ တံတားစစ်ဆေးရေးဂိတ်နှင့် ဓာတ်ခွဲခန်းမှ ကိုဗစ်ရောဂါပိုး စစ်ဆေးတွေ့ရှိသည့် လူနာ(၁၅)ဦးကို မြို့နယ်ဆရာဝန်ကြီး၏ လမ်းညွှန်မှုဖြင့် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်နှင့် အထက-တနင်္သာရီ Covid-19 Positive Centre အတွင်း အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြပ်၍ ဆေးဝါး ကုသပေးလျက်ရှိကြောင်း သိရှိရသည်။
ယခုအခါ တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ အပိုင် COVID-19 Positive Centre များအတွင်း ဩဂုတ်လ(၇)ရက်နေ့က ရောဂါပိုးတွေ့ရှိလူနာ (၉၈)ဦးရှိသည့်အနက် (၄)ဦးမှာ ကျန်းမာရေး ကောင်းမွန် ၍ ဆေးရုံမှ ပြန်ဆင်းပြီး ယနေ့တွင် (၁၅)ဦး ထပ်မံအသစ်တိုးလာသဖြင့် စုစုပေါင်း (၁၀၉)ဦးအထိ ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
အလားတူ ပိုးတွေ့ရှိသည့် လူနာများနှင့် ထိစပ်သော မိသားစုဝင်များကိုလည်း ကျေးရွာရှိ ၎င်းတို့၏ နေအိမ်များအား Lock Down ချပြီး Home Quarantine အဖြစ်ဖြင့်လည်းကောင်း၊ ချောင်းကြီးရပ်ကွက်- သုခလမ်းကိုလည်း အသွားအလာကန့်သတ်၍ Stay at Home အဖြစ် စောင့်ကြပ်ကြည့်ရှုပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း