ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ဟားခါး  သြဂုတ်   ၈

ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

အစည်းအဝေးတွင် ချင်းပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အလျောက် မြေမျက်နှာသွင်ပြင် အနေအထားအရ သက်တမ်းနုမြေသားများဖြစ်ပြီး မိုးရွာသွန်းပါက မြေပြိုမှု အန္တရာယ်များကြုံတွေ့ရလေ့ရှိကြောင်း၊ မြို့တွင်းရေမြောင်းများပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာ ကောင်းမွန် ရေးအတွက် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ရန်လို​ကြောင်း၊ မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ လေပြင်း တိုက်ခတ်ခြင်းများကြောင့် စိုက်ပျိုးသီးနှံများပျက်စီးခြင်း၊ လူနေအိမ်များ ထိခိုက်ပျက်စီးခြင်းများ မရှိစေရေးအတွက် ကြိုတင် စီမံဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ချင်း ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသော ဘေးအန္တရာယ်များနှင့် စိန်ခေါ်မှုများ၊ ဘေးအန္တရာယ် ဖြစ်ပွားမှုအခြေအနေ၊ သဘာဝဘေးကြိုတင်ကာကွယ်ရေးအတွက် တည်ဆောက်ရေး လုပ်ငန်း များ ဆောင်ရွက်မှုအခြေအနေ၊ နေရပ်စွန့်ခွာရွှေ့ပြောင်း ပြည်သူများအတွက် ယာယီခိုလှုံရာ စခန်းများ တည်ဆောက်ပေးမှုအခြေအနေ၊ လိုင်ဗားဆည်တွင် ရေကျော် နေမှု အခြေအနေ၊ မိုးရွာသွန်းမှုအခြေအနေ၊ ရှာဖေွကယ်ဆယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်း တင် ပြကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့အတွင်းရေ:မှူး ဦးမောင်မောင်ဆန်းက ဖြည့်စွက်ဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယ တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်တို့က ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 ခရိုင်( ပြန်/ဆက် )