ချောင်းသာမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း

ချောင်းသာ  သြဂုတ် ၇ 

ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၇-၈-၂၀၂၁) ရက်နေ့ ယနေ့နံနက် ၈ နာရီ အချိန်မှ စတင်၍နေ့လယ် (၁၂) နာရီအချိန်အထိ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ချောင်းသာမြို့ အမှတ်(၁)ရပ်ကွက်ရှိ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ သံဃာတော်များ၊ ကျန်ရှိနေသေးသည့် နိုင်ငံဝန်ထမ်းများ၊စားသောက် ဆိုင်များရှိ ဝန်ထမ်းများ၊ ရွှေသာယာ မြို့မစျေးရှိ စျေးသည်များနှင့် Hotel&Motel၊ တည်းခိုခန်းများရှိ အလုပ် သမား များ အား လူမျိုးဘာသာမရွေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ချောင်းသာမြို့ အထက စာသင်ကျောင်း အတွင်းတွင် ထိုးနှံပေးခြင်း ဖြစ်ပြီး ကျောင်း အဝင်ဝတွင် လက်သန့်ဆေးများဖြင့် လက်ဆေးခြင်း၊ နားနေခန်းများတွင် နာရီဝက်ခန့် နား နေစေခြင်း၊ ဆေးစစ်ခြင်း လုပ်ငန်းများကို ကြီးကြပ်ထိန်းသိမ်းလုပ်ဆောင်စေပြီးမှ ကာကွယ်ဆေးထိုးနှံပေးခဲ့ ခြင်း ဖြစ်ကြောင်း သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ် ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်း များကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူးမှ ကြီးမှူး၍ အုပ်ချုပ်‌ရေးအဖွဲ့များ၊ နယ်မြေခံ တပ်/ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာန မှ ဝန်ထမ်းများ၊ မြို့ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင် ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့ လဝက၊   မြို့နယ် ပြန်/ဆက်ဝန်ထမ်းများနှင့် ကမ်း‌ခြေစည်း ကမ်းထိန်းသိမ်း/သန့်ရှင်းရေးအဖွဲ့များ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

ယနေ့ပြုလုပ်သည့် ကာကွယ်ဆေးထိုးနှံခြင်းအစီအစဥ်တွင် ပါဝင်ကူညီလုပ်ဆောင်ပေးကြသည့် ဌာနဆိုင်ရာမှ ဝန်ထမ်းများနှင့် ပရဟိတကူညီဆောင်ရွက်ပေးကြသော အများအကျိုးဆောင် လူငယ်လေးများကို အုပ်ချုပ် ရေးမှူး ဦးကျော်သူမှ နံနက်စာအဖြစ် လက်ဖက်ရည်နှင့် မုန့်များ ကျွေးမွေးလှူဒါန်းပြီး ရွှေသာယာမြို့မစျေး ဦးတင့်လွင် ကုန်စုံဆိုင်မိသားစုမှ နေ့လယ်စာအဖြစ် ထမင်းကြော် ဗူး(၄၀)တို့အား ပါဝင်လှူဒါန်း ကူညီခဲ့ပါ သည်။

ချောင်းသာ (ပြန်/ဆက်)