ကော့သောင်းမြို့၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

ကော့သောင်း သြဂုတ် ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့တို့ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိပညာဗဟုသုတတိုးတက်စေရန်နှင့် စာတတ်သူတိုင်းစာဖတ်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယမန်နေ့ နေ့လယ် (၁)နာရီအချိန်က စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ခရိုင်ဦးစီးအရာရှိ၊ ဒေါ်ဥမ္မာချိုက စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ရခြင်း၏ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက် (Book Club) အဖွဲ့ဝင် ဆရာမကြီး ဒေါ်ခင်ဝမ်းရည်က စာရေးဆရာ လယ်တွင်းသားစောချစ်၏ "ပန်းလိုချင်အပင်ကိုပျိုးတတ်မှ" စာအုပ်တွင်ပါရှိသည့် ပန်းလိုနုနယ်ကလေးငယ် ဆောင်းပါးအားလည်းကောင်း၊ ဒေါ်နွယ်နွယ်အောင်က ကိုယ်ကျင့်ကောင်း၍ စိတ်ကောင်းရှိပါစေ ဆောင်းပါးအားလည်းကောင်း အသီးသီးအပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ပြီး စာဖတ်ဝိုင်းသို့တက်ရောက်လာသော စာပေဝါသနာရှင်များက စာဖတ်ဝိုင်း များကို ရပ်ကွက်အတွင်းရှိလူငယ်များပူးပေါင်းပါဝင်လာစေရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဥမ္မာချို (ခရိုင် ပြန်/ဆက်)