ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၃ ဦးဆက်လက် ဝင်ရောက်

မြဝတီ သြဂုတ် ၇

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၃ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင် ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည် ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက် ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်များ သို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက်ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ မြဝတီခရိုင်နှင့်ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ချက်ခြင်းစစ်ဆေးပေးမည်ဖြစ်ကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင် တာတွင် ကုသမှု ခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိသူများအား ကျောက်လုံးကြီး ကွာရတင်းစခန်း တွင်(၁၀)ရက်ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

အခြားသက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်အား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့် ခြင်းတို့အား  သက်ဆိုရာတိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည် ဖြစ်သည်။ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့်တိုင်းဒေသကြီး၊ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၂ ဦး၊ အမျိုးသမီး ၉၁ ဦး စုစုပေါင်း ၂၀၃ ဦးရှိကြောင်း သိရသည်။

ထိန်လင်းအောင်