ပွင့်ဖြူ ဩဂုတ် ၇
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးရင့်သူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့်အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြသူများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သက်ကြီးဘိုးဘွားများကို စိတ်အေးချမ်းသာစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယမန်နေ့နံနက်ပိုင်းက ကာကွယ်ဆေးမထိုးနှံပေးရာသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ အသက် (၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူ (၉၀) ဦး ၊ သံဃာတော်နှင့် သီလရှင် (၄)ပါး ၊ နိုင်ငံ့ဝန်ထမ်း (၈၁)ဦး ဈေးသည် (၃၅၉)ဦး ၊ ပုဂ္ဂလိကအလုပ်ရုံ ၊ စက်ရုံမှ ဝန်ထမ်း (၆၀)ဦး ၊ စုစုပေါင်းဦးရေ ၆၃၈ ဦး ကာကွယ်ဆေး လာရောက် ထိုးနှံခဲ့ကြကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းအား အခက်အခဲမဖြစ်စေရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဩဂုတ်(၁)ရက်နေ့မှ စတင်၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ဆေးထိုးအဖွဲ့(၂)ဖွဲ့ခွဲပြီး သတ်မှတ်အုပ်စုအလိုက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးဦးရေ ၂၀၃၂ ဦး ထိုးနှံပေးပြီးဖြစ်ကြောင်း ၊ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးအတွက် ဆေးပုလင်းအလုံးရေ ၁၀၅၀ ရရှိပြီး ဆေးတစ်လုံးလျှင် (၂)ဦးနှုန်း ထိုးနှံပေးခြင်းဖြစ်ကာ ယနေ့အထိ ဆေးပုလင်းအလုံးရေ ၁၀၁၆ လုံး သုံးစွဲပြီးဖြစ်ကြောင်း သိရသည်။
ထို့အပြင် မြို့နယ်အတွင်းရှိ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးနိုင်ရေးအတွက် နောက်ထပ် ဆေးပုလင်း အလုံးရေ (၁၀၀၀) ရောက်ရှိပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)