ပုလဲ သြဂုတ် ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ တောင်ရွာသစ်ကျေးရွာတွင် သြဂုတ် ၆ရက်က မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို COVID-19 ရောဂါဆိုင်ရာညွှန်ကြားချက်များနှင့်အညီစနစ်တကျထုတ်ချေးပေးခဲ့ကြောင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်စိုးဝင်းက “၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ပုလဲမြို့နယ်အတွင်းရှိ အောင်ချမ်းသာ၊ ကံပေါက်(အရှေ့)၊ စပါးစေ့၊ တောင်ရွာသစ်ကျေးရွာနဲ့ ရွှေလောင်းကျေးရွာများ၌ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိရာ သြဂုတ်၆ရက်နေ့မှာ တောင်ရွက်သစ်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေကြီးကြပ်မှုကော်မတီက စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၂ဦးအတွက် ငွေကျပ် ၁၂၉၁၀၀၀၀၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၈၆ဦးအတွက် ငွေကျပ် ၁၅၄၈၀၀၀၀၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူ ၇ ဦးအတွက် ငွေကျပ် ၁၂၆၀၀၀၀ စုစုပေါင်း ၁၆၅ဦးအတွက် ငွေကျပ် ၂၉၆၅၀၀၀၀ကို COVID – 19 ရောဂါ ဖြစ်ပွားနေတဲ့ ကာလဖြစ်ခြင်းကြောင့် လူစုလူဝေး မဖြစ်ပေါ်စေဘဲ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)မှထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များနှင့်အညီ ချေးငွေများကို စနစ်တကျ ထုတ်ချေးပေးခဲ့ပါတယ်” ဟု ပြောကြားခဲ့သည်။
ပုလဲမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အေးချမ်းသာကျေးရွာ၊ ဇေတီယျုံကျေးရွာ၊ ကြောင်သန်းကျေးရွာ၊ သပြေရေကျေးရွာ၊ ဇီးဖြူကုန်း(တ)ကျေးရွာ၊ နွယ်အင်းကျေးရွာ၊ ဖလံပင်ကျေးရွာ၊ မိုးကောင်းကျေးရွာ၊ အင်းကန်ကျေးရွာ၊ ဝမ်းဘဲချိုင့်ကျေးရွာ၊ ရွာနောင်ကျေးရွာ၊ သရက်လှကျေးရွာ၊ကံရိုးကျေးရွာ၊ လုပ်သားကျေးရွာ၊ပဲခင်းမကျေးရွာ၊ ကြူခြံကျေးရွာ၊ ကံကြီးကျေးရွာ၊ နွားကူးကျေးရွာ၊ ကမ္ဘားရပ်ကျေးရွာ၊ ပုပ္ပါကျေးရွာ၊ ကုန်းကျေးရွာ၊ ဦးနှောက်ကျေးရွာ၊ အိုင်ရောင်းကျေးရွာ၊ ကြိုးကြာဥ ကျေးရွာ၊ ဇီးဖြူကုန်း(မ)ကျေးရွာ၊ ချောင်းနားကျေးရွာ၊ နှောရိုးကျေးရွာ၊ မဲဇရပ်ကျေးရွာ၊ လိန်ကုန်းကျေးရွာ၊ သရက်ကျေးရွာ၊အလယ်ဘုံကျေးရွာ၊ မုံကြိုင်းကျေးရွာ၊ တနယ်ကျေးရွာ၊ အောင်ချမ်းသာကျေးရွာ၊ ကံပေါက်(အရှေ့)ကျေးရွာ၊ စပါးစေ့ကျေးရွာ၊ တောင်ရွာသစ်ကျေးရွာနှင့် ရွှေလောင်းကျေးရွာများနေ ပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် စားနပ်ရိက္ခာဖူလုံစေရန်နှင့် အာဟာရ ပြည့်ဝစေရန်၊ ကျေးလက်လူထု၏ စွမ်းဆောင်ရည် တိုးတက်လာစေရန်နှင့် တုံ့ပြန်နိုင်စွမ်းအား ကောင်းသော လူမှုအဖွဲ့အစည်းများ ပေါ်ပေါက်လာစေရန်တို့ကို ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများကို ကျေးရွာ တစ်ရွာလျှင် ငွေကျပ်သိန်း၃၀၀နှုန်းဖြင့် ထူထောင်ပေးထားကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)