ဒီးမော့ဆိုမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများနှင့် ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံပေး

ဒီးမော့ဆို ဩဂုတ် ၆
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီးမော့ဆိုမြို့နယ်တွင်အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ သတ်မှတ်ထားသည့် ကူးစက်ရောဂါ ကာကွယ်တားဆီးရေး လမ်းညွှန်ချက်များနှင့်အညီ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် မိသားစုဝင်များတို့အား ဒီးမော့ဆိုမြို့နယ် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများတို့ ပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခွင့်ရရှိခြင်းနှင့် ပတ်သက်၍ ဒေသခံအဘွားတစ်ဦးက အခုလို ကာကွယ်ဆေးထိုးပေးတဲ့အတွက် အဘွားတို့အနေနဲ့ ဝမ်းမြောက်ပါတယ် ဘာလို့လဲဆိုတော့ အဘွားတို့က အသက်ကလည်း ကြီးလာပြီဖြစ်တဲ့အတွက် ခုခံအားကျဆင်းပီးတော့ ရောဂါဝင်လာမှာ စိုးရိမ်စိတ်တွေ အများကြီးရှိလို့ အဲ့ဒီကိုဗစ်-၁၉ ရောဂါအတွက် ကြောက်နေရတဲ့အချိန်မှာ တာဝန်ရှိ သူတွေက ခုလို ကာကွယ်ဆေးထိုးပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်ဟု ပြောကြားပါသည်။
မြို့နယ် ပြန်/ဆက်