မအူပင်မြို့နယ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံမှသူများနှင့် ကူညီပါဝင်ဆောင်ရွက်နေသူများ၏ စကားသံများ

မအူပင် ဩဂုတ် ၆ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် အသက် (၆၅) နှစ်နှင့်အထက် ရဟန်း၊ သံဃာ၊ သီလရှင်၊ စေတနာ့ဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများအား ပထမအကြိမ်အဖြစ် တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှထုတ်လုပ်သော Sinopharm အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၉ နာရီစတင်ကာ မြို့နယ်အတွင်းရှိ စုရပ် အဖွဲ့ ၆ ဖွဲ့ နေရာ ၆ နေရာတွင် ထိုးနှံပေးလျက်ရှိပါသည်။ ကာကွယ်ဆေးထိုးနှံပေးရာတွင် ပါဝင်ဆောင်ရွက်နေကြသည့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံ ပေးခြင်းများကို ကူညီဆောင်ရွက်ပေးနေကြသော မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့် အသက် (၆၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများရဲ့ ရင်ထဲက စကားသံများကို တွေ့ဆုံမေးမြန်း ထားပါတယ်။ ဒေါ်သန်းသန်းမော် (အမျိုးသမီးကျန်းမာရေးဆရာမ) ကျုံစုပ်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ မေး - ကျန်းမာရေးဆရာမအနေနဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုအပေါ် ကိုယ်တိုင်ပါဝင်ဆောင်ရွက်နေရတဲ့ အပိုင်းလေးကို ပြောပြပေးပါရှင်။ ဖြေ - ကျုံစုပ်ကျန်းမာရေးဌာနကနေ အသက်(၆၅) နှစ်နှင့်အထက် ကိုဗစ်ကာကွယ်ဆေး Sinopharm ကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်ပိုင်းကစပြီး မအူပင်မြို့ အထက (၁) မှာ နံနက်ပိုင်းက စတင်ပြီး မွန်းလွဲ ၃ နာရီအထိ ထိုးပေးနေပါတယ် ကျွန်မကတော့ ဩဂုတ်လ ၃ ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ခြင်းဖြစ်ပါတယ် လုပ်ငန်းဆောင်တာတွေက သွေးပေါင် ပထမဆုံးချိန်တယ် ၊ အောက်ဆီဂျင်တိုင်းတယ် ၊ နှလုံးခုန်နှုန်း အနှေးအမြန်ကို စမ်းသပ်ပေးခြင်း ပြုလုပ်ပါတယ် စာရင်းဇယားပိုင်းနဲ့ပတ်သက်ပြီး ရုံးပိုင်းကနေ ဝိုင်းဝန်းကူညီပေးပါတယ်။ မေး - ကာကွယ်ဆေးထိုးတဲ့အချိန်မှာ ကြုံတွေရတဲ့ အခက်အခဲလေးတွေရှိရင်လည်း ပြောပြပေးပါအုံးရှင်။ ဖြေ - အခုအသက် (၆၅) နှစ်အထက် ရဟန်း၊ သံဃာ၊ သီလရှင်၊ စေတနာ့ဝန်ထမ်းနှင့် သက်ကြီးဘိုးဘွားများ ပေါင်းစုံ အကုန်ပါဝင်တဲ့အတွက်ကြောင့် အခက်အခဲ အနည်းနဲ့အများ ရှိပါတယ် ဒါပင်မဲ့ (၆၅) နှစ်အထက် ပါဝင်တဲ့အတွက် ကြောင့် သွေးပေါင်တွေ အများဆုံးတက်ကြတယ် ပုံမှန် ၁၅၀ အထက်ဆိုရင် ကာကွယ်ဆေးမထိုဘူး ခဏ နားခိုင်းတယ် အောက်သွေး ၉၀ အောက်ဆိုရင်လည်း ကာကွယ်ဆေးထိုးပေးတယ် ပုံမှန် ၁၅၀ ဆိုလည်း ထိုးပေးတယ် သူ့ထက် အထက်ရောက်ရင် ထိုးမပေးဘူး သွေးပေါင်ကျဆေးတိုက်တယ် လေကောင်းလေသန့်ရတဲ့နေရာမှာ ခဏထိုင်ခိုင်းတယ် ၁၅ မိနစ်ခဏ အနားယူပြီးတော့မှ ပြန်ချိန်တယ် ပြန်ချိန်ပြီးတော့မှ သွေးပေါင်ဟာ ပုံမှန်ပြန်ဖြစ် သွားရင် နောက်တစ်ကြိမ် ပြန်ထိုးပေးတယ် နှလုံးခုန်နှုန်းမြန်တဲ့သူရှိတယ် အဲ့လိုရှိရင် ကာကွယ်ဆေးမထိုးဘူး ခဏအနားယူခိုင်းတယ် ၁၅ မိနစ် အနားယူပြီးမှ ဆေးပြန်ထိုးတယ် အခုသက်ကြီးရွယ်အိုဖြစ်တဲ့အတွက် တစ်ချို့ဆိုရင် လေဖြတ်တဲ့သူ ၊မသန်မစွမ်းသူတွေ ဖြစ်တယ် လူမှုကူညီမှုအသင်းတွေ၊ကြက်ခြေနီတပ်ဖွဲ့ဝင်တွေက လိုလေသေး မရှိအောင် စောင့်ရှောက်ပေးလျှက်ရှိပါတယ် ဦးလှဌေးဝင်း ၊ တပ်ကြပ်ကြီး ၊ မအူပင် ၊ ကြက်ခြေနီတပ်ဖွဲ့ မေး - ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုမှာ ဆရာ့အနေနဲ့ ပါဝင်ဆောင်ရွက်ရတဲ့အပိုင်းလေးကိုပြောပြပေးပါရှင်။ ဖြေ - မအူပင်မြို့နယ် ကြက်ခြေနီအသင်းကနေ အထက(၁) ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှုမှာ ဆေးဂျူတီယူပေး နေပါတယ် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ လမ်းမလျှောက်နိုင်သူ ၊ သွားရလာရ ဒုက္ခရောက်တဲ့သူတို့ကို ကူညီပြီးတော့ ဆေးထိုးတဲ့ဆီကို ရောက်အောင် ပို့ပေးနေပါတယ် တစ်ချို့လူကြီးတွေဆို လမ်းလျှောက်ရ တော်တော် ခက်ခဲနေပါတယ် အဲ့ဒါတွေကို ဆေးဂျုတီအနေနဲ့ ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးနေပါတယ် ဆေးထိုးတဲ့သူတွေ အခက်အခဲမရှိစေရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးနေပါတယ်။ ဦးစန်းထွန်း အမှတ်(၇) ရပ်ကွက် ၊ ခိုင်မာလာလမ်း မေး - အဘအနေနဲ့ အခုကိုဗစ် ကာကွယ်ဆေးထိုးဖြစ်တဲ့အကြောင်းလေးကို ပြောပြပေးပါလားရှင်။ ဖြေ - ကာကွယ်ဆေးထိုးနှံမှုအပေါ်မှာ ထိုးပေးမယ်ဆိုတော့ အဘအနေနဲ့ ဝမ်းသာတာပေါ့ခင်ဗျာ ကြားကြားခြင်း အခု ချက်ချင်းထထွက်လာတာ အဘအနေနဲ့ ပြောသံဆိုသံတွေကလည်း အကုန်လုံးကြားထားတဲ့အခါကြတော့ ကြိုတင် ကာကွယ်ထားမယ်ဆိုရင် ပိုပြီးတော့ကောင်းမယ်ဆိုပြီး လာပြီးထိုးတာပါ။ ဒေါ်သိန်းလှ အထက်တန်းပြဆရာမ (အငြိမ်းစား) မေး - အခုလို ကိုဗစ်ကာကွယ်ဆေးထိုးနှံခွင့်ရတဲ့အပေါ် ဘယ်လိုခံစားရပါသလဲ။ ဖြေ - ဆေးထိုးတာ အများသူငှာဆေးထိုးနေတယ် အသံကြားတဲ့အတွက် ကျွန်မစုံစမ်းပါတယ် ရပ်ကွက်ကလည်း ပြောမယ်ဆိုတော့ မပြောရသေးဘူးပေါ့နော် သူတို့မပြောရသေးတဲ့အချိန်မှာ ကျွန်မဆေးထိုးချင်နေတာပေါ့နော် သူများထိုးတော့ ဒါနဲ့ပြောသံကြားတဲ့အခါ သွားထိုးနိုင်ပြီဆိုတော့ ကျွန်မသူငယ်ချင်းကလှမ်းခေါ်ပါတယ် သူလည်း (၆၅) နှစ်အထက်ဆိုတော့ ထိုးမယ်ဆိုပြီး ကာကွယ်ဆေးထိုးချင်တဲ့အတွက် လာရောက်ထိုးနှံခြင်းဖြစ်ပါတယ် မေး - ဆရာမအနေနဲ့ ကာကွယ်ဆေးထိုးခွင့်ရတာနဲ့ပတ်သက်ပြီးဘာများ ပြောချင်တာရှိပါသလဲရှင်။ ဖြေ - ဆေးထိုးခွင့်ရရှိတဲ့ ခံစားချက်ကကွယ် အသက်ကြီးလာတဲ့အခါကြတော့ ဆေးကိုအားကိုးနေရတဲ့အချိန်ပေါ့နော် ဒီလိုရောဂါတွေ ဖြစ်တဲ့အခါကျတော့ ဒီကာကွယ်ဆေးက အကောင်းဆုံးဆိုတာ ဆရာမတို့က သိပါတယ် ဒါကြောင့် ဆေးကိုထိုးချင်ပါတယ် ထိုးလို့ရလား မရလားဆိုတာလဲ နီးစပ်ရာကျန်းမာရေး ဝန်ထမ်းတွေကို မေးထားပါတယ် သူတို့ကတော့ ထိုးလို့ရတယ်ပေါ့ ဆီးချိုရှိရင်ရော ထိုးလို့ရလားမေးတော့ ဆီးချိုရှိလည်း ထိုးလို့ရပါတယ် ဒါကာကွယ်ဆေးဖြစ်တဲ့အတွက် ပြောတော့ ဆရာမတို့က ဝမ်းသာသွားတယ် ဆေးကအားကိုးပါဘဲကွယ် အဲ့ဒါကြောင့် ဆေးထိုးရတာကိုဘဲ ဂုဏ်ယူပြီးတော့ နှစ်သက်ပါတယ် ဆေးထိုးပေးတဲ့အတွက် ကျေးဇူးလည်းတင်ပါတယ်။ တင်သူဇာလှိုင်