တနင်္သာရီ ဩဂုတ် ၆
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသေးသည့် အသက်(၆၅)နှစ်နှင့်အထက် အသက်ကြီးအဘိုးအဘွားများ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရဟိတစေတနာ့ဝန်ထမ်းများ၊ သံဃာတော်နှင့် သာသနာအနွယ်ဝင်များနှင့် နိုင်ငံဝန်ထမ်းများ စသဖြင့် ဦးတည်အုပ်စုများအဖြစ် သတ်မှတ်ဆေးထိုးစုရပ်နေရာများမှာ တစ်ပြိုင်တည်း ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက် ၉နာရီမှ ညနေ၄နာရီအထိ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို (ပထမ)အကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုအရ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာအောင်သိုက်ထွန်း လမ်းညွှန်မှုဖြင့် အမက-ချောင်းငယ်စုရပ်တွင် မိခင်နှင့်ကလေး စောင့်ရှောက်ရေး ဌာနမှ သားဖွားဆရာမ ဒေါ်မာမာခိုင်နှင့် ဝန်ထမ်းများ (၆၅)နစ်အထက် ဘိုးဘွား (၁၇)ဦး ၊ ကျန်းမာရေးဝန်ထမ်း(၂)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း (၅)ဦးနှင့် စေတနာ့ဝန်ထမ်း (၂၂)ဦး စုစုပေါင်း (၄၆)ဦးအား ထိုးနှံပေးနိုင်ခဲ့ကြသည်။
အလားတူ တကူ(စံပြ)တိုက်နယ်ဆေးရုံမှ တာဝန်ခံဆရာဝန် ဒေါက်တာဖြိုးမြင့်ကြည်၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဆရာမများက သံတိုက်ရွာ မူလွန်ကျောင်းအတွင်း သီလရှင်(၁)ပါး၊ ဘိုးဘွား(၃၁)ဦး၊ ဝန်ထမ်း(၁၅)ဦးနှင့် စေတနာ့ဝန်ထမ်း(၅၃)ဦး စုစုပေါင်း(၁၀၀)ဦးကိုလည်း ထိုးနှံပေးနိုင်ခဲ့ကြောင်း သိရှိရသည်။
အလားတူ အရှေ့မော်တုန်းကျေးရွာအုပ်စု၊ အမက-ဇလုံးကျောင်းဆေးထိုးစုရပ်၌ ပြည်သူ့ဆေးရုံမှ အထက်တန်းသူနာပြု ဆရာမဒေါ်မာမာစုနှင့် ဆရာမများက သံဃာတော်(၃)ပါး ဘိုးဘွား(၉)ဦး၊ စေတနာ့ဝန်ထမ်း(၁၀)ဦးနှင့် ဌာနဆိုင်ရာဝန်ထမ်း(၄)ဦး စုစုပေါင်း (၂၆)ဦးအား ထိုးနှံပေးကြသည်။
အလားတူ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ အထက-ညောင်ပင်ကွင်း ကျောင်းဆေးထိုးစုရပ်တွင် ညောင်ပင်ကွင်း ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးမြတ်သီလမှ ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်း (၅)ဦးက အသက်(၆၅)နှစ်အထက် ဘိုးဘွား(၁၃၁)ဦး၊ စေတနာ့တန်ထမ်း (၂၇)ဦးနှင့် ဝန်ထမ်း(၂)ဦး စုစုပေါင်း (၁၅၀)ဦးတို့အား ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
သို့ပါ၍ တနင်္သာရီမြို့နယ်အတွင်း ဆေးထိုးစုရပ်(၄)ခုမှာ သြဂုတ်လ(၅)ရက်နေ့တွင် Sinopharm ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးသူဦးရေပေါင်း (၃၂၂)ဦးဖြစ်ပြီး၊ တနင်္သာရီမြို့နယ်အတွက် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (၁၄၃၅)လုံး ရရှိ၍ ဆေးတစ်လုံးလျှင် လူ(၂)ဦးထိုးနှံပေးနိုင်သဖြင့် လူဦးရေ (၂၈၇၀)ဦးကို ဩဂုတ်လ ၈ရက်နေ့အထိ ဆေးထိုးစုရပ်များခွဲ၍ ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)