တနင်္သာရီမြို့နယ်၊ ဘန်လောရွာ၌ အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင် သင်တန်းဆင်းပွဲ ပြုလုပ်

တနင်္သာရီ ဩဂုတ် ၆ တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေ ပုံမှန်ရရှိရေးအတွက် ရည်ရွယ်လျက်ဘန်လော ကျေးရွာအုပ်စု-ဘန်လောအရှေ့ရွာတွင် ဇူလိုင် ၅ရက်နေ့မှစ၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသော ဆိုင်ကယ်ပြင်သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘန်လောအရှေ့ရွာဘက်စုံသုံး (CDD) ခန်းမအတွင်း ပြုလုပ်ရာ အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်ဦးနှင့် ဝန်ထမ်းများ၊ ဘန်လောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် ရပ်မိရပ်ဖများ၊ ဆိုင်ကယ်ပြင် သင်တန်းသားများ စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် အငယ်တန်းအင်ဂျင်နီယာ ဦးကျော်ဇင်ဦးက ယခုသင်တန်း တက်ရောက်ခဲ့သူများသည် ဆိုင်ကယ်ပြင်အတတ်ပညာဖြင့် မိသားစုဝင်ငွေရရှိရေးအတွက် အထောက်အကူပြုနိုင်မည့် ကိုယ်ပိုင် လုပ်ငန်းကို ဆောင်ရွက်နိုင်ပြီဟု ယုံကြည်ပါကြောင်း ၊ ဆိုင်ကယ်ပြင်ဆိုင် ဖွင့်လှစ်မည့်သင်တန်းဆင်း လူငယ်များအား လိုအပ်သော ကိရိယာပစ္စည်းများ ပံ့ပိုးပေးထားမည်ဖြစ်ကြောင်း ပစ္စည်းတန်ဘိုးကို လုပ်ငန်းလည်ပတ်အဆင်ပြေမှ ဌာနသို့ ပြန်လည်ပေးသွင်းရမည်ဖြစ်ကြောင်း လူငယ်များအနေဖြင့် အလုပ်အကိုင်တစ်ခု မဖြစ်မနေ လုပ်ကိုင်ဖို့လိုအပ်ကြောင်း သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ထို့နောက် ဘန်လောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့် သင်တန်းသားတစ်ဦးတို့မှ ကျေးဇူးတင်စကား ပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရသည်။ ၎င်းဆိုင်ကယ်ပြင်သင်တန်းအား ဇူလိုင်လ ၅ ရက်နေ့မှ ဩဂုတ်လ ၅ရက်နေ့အထိ တစ်လသင်တန်း ဖြစ်ပြီး သင်တန်းဆရာ နောင်တူး (ခ)ဦးစနန်ကျော်သန်း (၆)မိုင်ကျေးရွာ၊ သကျက်အုပ်စုနေသူမှ လက်တွေ့ သင်ကြားပို့ချပေးပြီး ဘန်လောကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာခွဲများမှ လူငယ်သင်တန်းသား(၂၀)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရှိရသည်။ နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)