မြဝတီမြို့၌ မြို့ပေါ်ရပ်ကွက်များမှ ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသူ ၃၉၂၆ ဦးရှိပြီး ကျေးရွာများ တွင် ဆက်လက်ထိုးနှံပေး

                                                          မြဝတီ သြဂုတ် ၆

ကိုဗစ်-၁၉ ရောဂါကာကွယ်ကုသထိန်းချုပ်ခြင်းအတွက် ပြည်သူများကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့နယ်တွင်လည်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများအား စုရပ် ၇ နေရာတွင် ၂၀၂၁ခုနှစ်၊ သြဂုတ် ၂ ရက်နေ့က  စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ မြဝတီမြို့ပေါ်ရပ်ကွက်များတွင် လာရောက်ထိုးနှံသူ သြဂုတ်လ ၂ ရက်နေ့ မှ ၄ ရက်နေ့အထိ ၃ ရက်အတွင်း ၃၉၂၆ ဦးရှိပြီး ကျေးရွာများတွင်လည်း ဆက်လက်ထိုးနှံ ပေး လျက် ရှိကြောင်း သိရသည်။

ကာကွယ်ဆေးများကို သင်္ဃန်းညီနောင်ကျေးရွာ၊ ဝှေ့ရှမ်းကျေးရွာနှင့် မေတ္တာလင်းမြိုင် ကျေးရွာများတွင် ယနေ့ ဆက်လက် ထိုးနှံပေးလျက်ရှိပြီး အဆိုပါ ကာကွယ်ဆေးထိုးနှံနေမှုများကို မြဝတီမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ယနေ့နံနက်ပိုင်းက လိုက်လံ ကြည့်ရှုအား ပေးပြီး ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးခြင်းကို ချမှတ်ထားသည့် လုပ်ငန်းစဉ်သတ်မှတ် စည်းကမ်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကာ ကာကွယ်ဆေးလာရောက်ထိုးနှံ သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ စည်းကမ်းသတ် မှတ်ချက်များအား လိုက်နာစေရေး စီစဉ်ဆောင်ရွက် ပေး လျက်ရှိ ကြောင်း သိရသည်။

မြဝတီမြို့ပေါ်ရပ်ကွက်များအတွင်း ကာကွယ်ဆေးများကို သြဂုတ်လ ၂ ရက်နေ့မှ ၆ ရက်နေ့အထိ၊ နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေး လာရောက်ထိုး နှံသူ  ၂၀၂၁ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့တွင် ၈၅၂ ဦး၊  သြဂုတ်လ ၃ ရက်နေ့တွင် ၁၄၃၀ ဦး၊ သြဂုတ်လ ၄ ရက်နေ့တွင် ၁၆၄၄ ဦး၊ စုစုပေါင်း ၃၉၂၆ ဦးရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရန် သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများမှာ အသက်(၆၅)နှစ်အထက်၊ အစိုးရနှင့်ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ဘိုးဘွားရိပ်သာများမှ ဘိုးဘွားနှင့် ဝန်ထမ်းများ၊ ဆရာတော်၊သံဃာတော်၊ သီလရှင် နှင့်ဘာသာရေးကျောင်းမှသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိက စက်ရုံ/အလုပ်ရုံများမှ ဝန်ထမ်းများ၊ ဟိုတယ်/မိုတယ်/တည်းခို ခန်းများမှ ဝန်ထမ်းများ၊ အကျဉ်းသား/အချုပ်သားများ၊ ပုဂ္ဂလိက မော်တော်ယာဉ်လိုင်း၊ လေကြောင်း လိုင်း၊ ခရီးသည်ပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ကိုင်သူများ၊ Super Market နှင့်ဈေးများမှ ဝန်ထမ်းများနှင့် စားသောက်ဆိုင်/လက်ဖက်ရည်ဆိုင်မှဝန်ထမ်းများ ဖြစ်ကြောင်း သိရသည်။

ထိန်လင်းအောင်