ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း စိုက်ပျိုးရေး/ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ အား သွားရောက်ကြည့်ရှုအားပေး

ပဲခူး ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ပဲခူးမြို့နယ်ရှိ အမှတ်(၁)အင်အားဖြည့်တင်းရေးနှင့် ပြန်လည် နေရာချထားရေးတပ်သို့ ရောက်ရှိခဲ့ပြီး စိုက်ပျိုးရေး/မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာ ချထားရေးတပ် ဧည့်ခန်းမသို့ ရောက်ရှိခဲ့ရာ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သန်းထွဋ်အောင်က စိုက်ပျိုးရေး/ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေနှင့် တပ်ရင်း တပ်ဖွဲ့များသို့ ဖြန့်ခွဲပေးနေမှု အခြေအနေများအား Power Point ဖြင့် အသေးစိတ် ရှင်းလင်းတင်ပြခဲ့ရာ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနနှင့် ပေါင်းစပ်ဆောင်ရွက်ပေး သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တာဝန်ရှိသူများသည် အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာ ချထားရေးတပ်အတွင်းရှိ နို့ပေါင်း၊ ဒိန်ချဉ်ထုတ်လုပ်ရေး အလုပ်ရုံ၊ Hand Gel ထုတ်လုပ်ရေးအလုပ်ရုံ၊ ဖယောင်းတိုင်နှင့် ဆပ်ပြာထုတ်လုပ်ရေးအလုပ်ရုံ၊ DYL မျိုးဝက်မွေးမြူရေးခြံ၊ အစာစပ်စက်ရုံ၊ မျိုးစေ့ထုတ်စက်ရုံ၊ နို့စားနွားမွေးမြူရေးခြံ၊ ဥစားကြက်မွေးမြူရေးခြံ၊ စင်ထောင်သီးနှံစိုက်ခင်း တို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နှင့် ထိန်းချုပ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် PPE Level(2)အပြာ အထည်(၁၀၀)အား အမှတ်(၁) အင်အားဖြည့်တင်းရေးနှင့် ပြန်လည်နေရာချထားရေးတပ် တပ်ရင်းမှူးထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

မျိုးမင်းထွန်း