ပေါင်းတည်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်မှု များဆောင်ရွက်

 

ပေါင်းတည် ဩဂုတ် ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများ ပြားလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်မှု များအား ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွတို့တွင်  မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများမှ လိုက်လံနှိုးဆော်ခဲ့ ကြောင်းသိရသည်။

နှိုးဆော်ချက်များတွင် လက်ရှိအခြေအနေတွင် အရေးကြီးဆုံးမှာ အတတ်နိုင်ဆုံးမဖြစ် မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊သို့မှသာရောဂါကွင်းဆက် ပြတ်တောက်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ်ပါတယ်၊ မိမိတို့အိမ်တွင်ပြင်ပမှ လာသောဧည့်သည်များလက်မခံပါရန်နှင့် ထို့အတူမိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ပါ၊ အခြားသူများနှင့် အနည်း ဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းများမှ ရှောင်ကြဉ်ကြပါရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ‌ရှောင်ကြပါ၊ တစ်ခုခုကိုကိုင်တွယ်ပြီးတိုင်း ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျဆေးပါ၊ လက်ကိုမကြာခဏ ဆေးကြောကြပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်း နှင့် မျက်စေ့တို့ကို ပွတ်သတ်ခြင်း ၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ လေဝင်လေထွက်မကောင်းသော အခန်းများကိုရှောင်ပါ ၊မိမိတို့နေအိမ်များကို ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင် လုပ်ကြပါရန်စသည့် အချက်များနှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ထုတ်ပြန် ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက် နိုင်ရေး အသိပညာပေးနှိုးဆော်ခဲ့ကြကြောင်း သိရှိရသည်။

 ချစ်နှင်းသုန်