တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် ကြေညာချက်များ အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်

တီးတိန်  ဩဂုတ်  ၅

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါပြင်းထန်စွာ မရှိစေရေးနှင့် မျိုးရိုးဗီဇပြောင်းလဲနေသော ရောဂါပိုးများ ကူးစက်ပြန့်ပွားခြင်းမရှိစေရန် အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး မြို့ပေါ်(၄)ရပ်ကွက်၌ ကမ်းဟောက်လမ်းမအတိုင်း အသံချဲ့စက်ဖြင့်နှိုးဆော်ခဲ့ကြောင်း သိရသည်။

အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ရာ၌ မိဘပြည်သူများ အိမ်အပြင်ထွက်လျှင်ပါးစပ်နှင့် နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာအကာ(Face Shield)ကိုတွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦးတတ်နိုင်သမျှ ခပ်ခွါခွါနေထိုင်ပါ၊ အချင်းချင်း အသိပေး/သတိပေးပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀)ကြာအောင် စနစ်တကျဆေးပါ၊ လေဝင်လေထွက်မကောင်းသော အခန်းများသို့သွားရောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ မိမိတို့နေအိမ်များကို ပြတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ရှိအောင်လုပ်ကြပါ၊ အပြင်ထွက်ရာမှပြန်လာတိုင်းဖြစ်စေ၊ အများတကာနှင့် တွေ့ဆုံပြီး တိုင်းဖြစ်စေပါးစပ်နှင့်နှာခေါင်းစည်း(Mask)များကို အိမ်အပြင်တွင်စနစ်တကျစွန့်ပစ်ပါ၊ အပြင်ကပြန်လာပြီးတိုင်းအဝတ်အစားမလဲမီ၊ ကိုယ်လက်သန့်စင်ခြင်းမပြုလုပ်ရသေးမီ အိမ်သားများနှင့်အနီးကပ်မထိတွေ့ကြပါနှင့်၊ အကယ်၍မိမိတို့၌ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက်စစ်ဆေးကုသမှု ခံယူကြပါရန်၊ ကိုဗစ်ကပ်ရောဂါကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြပါစသည့် သတိထားလိုက်နာရမည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် နှိုးဆော်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)