လှိုင်းဘွဲ ဩဂုတ် ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဇူလိုင်လနောက်ဆုံးပတ်စတင်ကာ မိုးအ ဆက်မပြတ် ရွာသွန်းပြီး တောင်ကျချောင်ရေ ကျဆင်းလာသဖြင့် မြို့ပေါ်ရှိရပ်ကွက်အချို့တွင် ရေများဝင်ရောက် လာပြီး အိမ်ထောင်စုများ ပြောင်းရွေ့နေထိုင်ရသဖြင့် ရေဘေးရှောင်ပြည် သူများအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း(လှိုင်းဘွဲ)မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ သဘာဝဘေး အန္တရာယ်ဆိုင်ရာ ကျရောက်လာပါက ကူညီဆောင်ရွက်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံပါဝင်ဆောင်ရွက်ခြင်း၊ ရေဘေးကြုံနေရသော အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများ စသည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိရာ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ရေဘေးရှောင် အိမ်ထောင်စုများအနေဖြင့် ရောဂါကြိုတင်ကာကွယ်နိုင်ရန် အတွက် အိမ်ထောင်စု(၁)စုလျှင် Hygiene Parcel (၁)ဖာ၊ ခြင်ထောင်(၁)လုံးနှင့် Dignity Kit (၁)ထုပ် စုစုပေါင်း အိမ်ထောင်စု(၅၃)စုအတွက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။