ဖာပွန် သြဂုတ် ၅
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ရောဂါ အတည်ပြုလူနာ (၉၀)ဦးရှိပြီဖြစ်သည့်အတွက် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်(၈)နာရီခွဲအချိန်က ဖာပွန်မြို့၊ အမှတ်(၂)ရပ်ကွက်၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့လိုက်လံနှိုးဆော်ရာတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နှင်းယုအေးနှင့် ဝန်ထမ်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာ နေထိုင်ကြရန်၊ မိမိအိမ်သို့ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံသို့ သွားရောက်မလည်ပတ်ရန်၊ အရေးကြီးကိစ္စနှင့် အပြင်ထွက်ပါက လူတိုင်း mask ကို စနစ်တကျ တပ်ဆင်ရန်နှင့် mask မတပ်သူများထံမှ ဈေး၀ယ်ခြင်းကို ရှောင်ကြဉ်ကြရန်၊ လူစုလူဝေး ရှိသောနေရာများကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးရန် ၊ လက်မဆေးဘဲပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပွတ်သပ်ကိုင်တွယ်ခြင်း မပြုလုပ်ရန်၊ လေ၀င်လေထွက်ကောင်းသော အခန်းများ၌သာ နေထိုင်ရန်၊ အပြင်မှ ပြန်လာတိုင်း mask များကို စနစ်တကျ စွန့်ပစ်ရန်နှင့် အ၀တ်အစားမလဲမီ၊ ကိုယ်လက် သန့်စင်ခြင်းမလုပ်မီ အိမ်သားများနှင့် အနီးကပ်မထိတွေ့ရန်၊ ရောဂါကူးစက်ခံရပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်၍ မပျက်မကွက် ဆေးကုသမှု ခံယူရန်၊ ကိုဗစ်၁၉ ရောဂါသည် သက်ကြီးရွယ်အိုများနှင့် ဆီးချို၊ နှလုံး၊ သွေးတိုးရှိသူများကိုကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာ ခံစားရပြီး အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သဖြင့် မိဘပြည်သူများမှကိုယ်စီလိုက်နာပြီး ပူးပေါင်း ပါ၀င်ကြစေလိုသည်ဟု တိုက်တွန်း နှိုးဆော်မှုများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စိုင်းကျော်ဝဏ္ဏ(ပြန်/ဆက်)