၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ထားဝယ် သြဂုတ် ၅

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၏ ဒေသန္တရစီမံကိန်းရေးဆွဲနိုင်ရေးနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက တနင်္သာရီတိုင်းဒေသကြီး၏ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ ၆ လ ဒေသန္တရစီမံကိန်း ဥပဒမူကြမ်းရေး ဆွဲတင်ပြနိုင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး ဒေသန္တရ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် နိုင်ငံတော်မှ ချမှတ်ထားသည့် စီးပွားရေးမူဝါဒနှင့်အညီ ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက်သွားရမှာ ဖြစ်ကြောင်း၊ ယမန်နေ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်လာသော တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေး ကော်မတီဝင်များအနေဖြင့် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပြောင်းလဲကျင့်သုံးမည့် ဘဏ္ဍာရေးနှစ်နှင့်အညီ ဒေသန္တရစီမံကိန်း ဥပဒမူကြမ်း၏ ပြုစုရေးဆွဲနိုင်ရေးအတွက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ရေးဆွဲတင်ပြသည့် ကဏ္ဍအလိုက် ရည်မှန်းချက်များကို တိုင်းဒေသကြီး စီမံကိန်းဦးစီးရုံး ကဒေသန္တရစီမံကိန်းအဖြစ် စုစည်းတင်ပြထားသည့် စီမံကိန်း ရည်မှန်းချက်များ၊ လျာထားချက်များကို စီစစ်သုံးသပ်အတည်ပြုပေးနိုင်ရန် တင်ပြဆွေးနွေးပေးကြရန် လိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး စီမံကိန်းရေးဆွဲရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးတင်မြင့်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက တနင်္သာရီတိုင်းဒေသကြီးအတွက် (၆)လ ဒေသန္တရစီမံကိန်း ဥပဒေမူကြမ်းနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု ခြေအနေများအား ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကျော်ကျော်လတ်(ထားဝယ်)