ပွင့်ဖြူ ဩဂုတ် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
ထိုသို့ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံကြသူများကို ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်း ၊ သွေး အတွင်း အောက်ဆီဂျင်ပါဝင်မှုပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိမှသာ ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံဆောင်ရွက်ပေးကြောင်း သိရသည်။
ကာကွယ်ဆေးလာရောက်ထိုးနှံသော ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများနှင့် သက်ကြီးဘိုးဘွားများကို အခက်အခဲမရှိ အဆင်ပြေစွာ ကာကွယ်ဆေးထိုးနှံ နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယနေ့ နံနက်ပိုင်းက ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာသို့ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွား ၂၅၇ ဦး ၊ သံဃာတော်နှင့် သီလရှင် ၁၀ ပါး ၊ နိုင်ငံ့ဝန်ထမ်း ၂၀ ဦး ၊ Volunteer အဖွဲ့ဝင် ၁၉ ဦး ၊ စုစုပေါင်း ၃၀၆ ဦး အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးများ စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် ကာကွယ်ဆေးမထိုးနှံရသေးသော အသက်(၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးသူများ ၊ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ၊ သီလရှင်များ ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိကအလုပ်ရုံ ၊ စက်ရုံမှ ဝန်ထမ်းများ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေးအတွက် ကာကွယ်ဆေးအလုံးရေ ၁၀၅၀ ရရှိထားပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်း ထိုးနှံပေးနေကြောင်း သိရကာ ဩဂုတ်လ(၁)ရက်နေ့မှ ယနေ့ ဩဂုတ်(၄)ရက်နေ့အထိ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွား (၆၉၇)ဦး ၊ သံဃာတော်နှင့် သီလရှင်(၆၃)ပါး ၊ နိုင်ငံ့ဝန်ထမ်း(၇၀)ဦး ၊ အခြားပုဂ္ဂလိကဝန်ထမ်း (၄)ဦး ၊ အကျဉ်း/အချုပ်သား(၂၉)ဦး ၊ Volunteer အဖွဲ့ဝင် ၁၉ ဦး ၊ စုစုပေါင်း ၈၈၂ ဦး အား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။ ကာကွယ် ဆေးထိုးနှံရန် ကျန်ရှိသည့် ရပ်ကွက်/ကျေးရွာများမှ သံဃာတော်များနှင့် သီလရှင်များ ၊ သက်ကြီးဘိုးဘွားများ ၊ Volunteer အဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြားပုဂ္ဂလိကဝန်ထမ်းများကိုလည်း ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် ထံက သိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးအောင်မြတ်ခိုင် ၏ အနီးကပ်ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)