ထားဝယ် သြဂုတ် ၅
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌အုပ်စု(၄)အုပ်စုခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင် ဆရာများအား ဇူလိုင်လ ၃၁ ရက် နေ့နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည့် ရဟန်းရှင်လူပြည်သူများအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာ ဝန်ကြီးသည် ရှေးဦးစွာ ကာကွယ်ဆေးထိုးနှံပေး လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် Volunteer အဖွဲ့ဝင်များအား ကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများကို တွေ့ဆုံမေးမြန်းရာ ထားဝယ်ခရိုင် ကျန်းမာရေး ဦးစီးဌာန ၊ ဒုတိယခရိုင်ကျန်းမာရေးမှူး ဒေါက်တာဥက္ကာနှင့် တာဝန်ရှိသူများက နေ့အလိုက်၊ နေရာအလိုက် ဦးစားပေးအစီအစဉ်အတိုင်း ကာကွယ်ဆေးထိုးပြီးစီးမှု အခြေအနေများ၊ လက်ရှိ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ကျန်းမာရေးဝန်ဆောင်မှု ဆောင်ရွက်ထား ရှိမှုများနှင့် ခရိုင်အတွင်း ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးပြီးသည့် လုပ်ငန်းများ အခြေအနေတို့ကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဝန်ကြီးသည် ထားဝယ်မြို့ မြို့တော်ခန်းမအတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံလျက် ရှိသည့် ရဟန်းရှင်လူ ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံကာ အားပေးစကားများပြော ကြားပြီးနောက် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များ အားစားသုံးနိုင်ရန် ထမင်းဗူးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။