ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးအသိပေးနှိုးဆော်

ဘုတ်ပြင်း   ဩဂုတ်   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၌ ယနေ့မွန်းလွဲပိုင်းက ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးအတွက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများက ဘုတ်ပြင်းမြို့နယ် ကမာချောင်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများသို့ အသံချဲ့စက်ဖြင့် လိုက်လံအသိပေး ကြေညာခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပေးကြေညာချက်များတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေ ထွက်ခွာပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ သက်ကြီးရွယ်အိုနှင့်    နာတာရှည်ရောဂါဝေဒနာသည်များရှိရာ နေအိမ်များသို့ ဝင်ထွက်သွားလာခြင်းဂရုပြုရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ကြရန်၊ လက်ကိုစက္ကန့် (၂၀)ကြာ မကြာခဏ စနစ်တကျဆေးကြောရန်၊ အလုံပိတ်အခန်းများနှင့် အဲယားကွန်းအသုံးများသော အခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ ရှောင်ကြဉ်ရန်၊ စားသောက်ဆိုင်များတွင် ဝိုင်းဖွဲ့စားသောက်ခြင်းများရှောင်ကြဉ်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချ သွားကြရန်၊ မိမိနေအိမ်တွင်သာ  ဝယ်ယူစားသောက်ခြင်းပြုကြရန် ၊ပါးစပ်နှာခေါင်းစည်း Mask မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြပါရန်နှင့် အများစုသည် အဆုတ် ပျက်စီးမှုကြောင့် ဖြစ်ကြောင်း၊ အဆုတ်၊ နှလုံး၊ သွေးတိုးရောဂါရှိသူများ သေဆုံးမှုများကြောင်း၊ ဆေးလိပ်များ သောက်သုံးခြင်းမပြုရန်နှင့် မိသားစုအတွင်းဖျားနာသူများ ရှိပါက အိမ်တွင်နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါလက္ခဏာများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်မှူး မှတစ်ဆင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်ဆေးကုသမှုခံယူရန်၊ ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေးလုပ်ငန်းများကို ဆက်လက်လိုက်နာကြရန် အထက်ပါကြေငြာချက်များကို အများပြည်သူမှ တစ်ဦးတစ်ယောက်ချင်းစီ လိုက်နာဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းအသိပေးနှိုးဆော် လျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)