ကြာအင်းဆိပ်ကြီး ဩဂုတ် ၅
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းအချိန်က ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့သို့ ရောက်ရှိပြီး မြို့နယ်ဇမိခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ့လျက်ရှိသည့် မိဘပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကားပြောကြားပြီး ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည့် ကျန်းမာရေး ဝန်ထမ်းများအား ထောက်ပံ့ငွေများပေးအပ်ပြီး ကာကွယ်ဆေး လာရောက်ထိုးနှံလျက်ရှိသည့် မိဘပြည်သူများအား အာဟာရဖြည့် ကြက်ဥများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုတင်(၅၀)ဆံ့ မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်ကာ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် သူနာပြုဆရာ၊ ဆရာမများအား ထောက်ပံ့ငွေနှင့် စားသောက်ကုန်များ ပေးအပ်ချီးမြှင့်ပြီး အားပေး အမှာစကား ပြောကြားသည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာများအား ကျန်းမာရေး စောင့်ရှောက်မှု ကုသပေးလျက်ရှိသည့် အခြေခံပညာ အထက်တန်းကျောင်းရှိ ကုသရေးစင်တာသို့ သွားရောက်ကြည့်ရှုပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဆွေးနွေးမှာကြားပြီး ကိုဗစ်ကာလအတွင်း လူမှုရေးလုပ်ငန်းများကို အားတက်သရော ဝိုင်းဝန်းကူညီ လုပ်ကိုင်ဆောင်ရွက် ပေးလျက်ရှိသည့် Volunteer များအား ဂုဏ်ပြု မှတ်တမ်းများနှင့် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
၎င်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးစိုးလွင် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ် ခရိုင်မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများမှ အမှတ်(၆)ရပ်ကွက် ကျွန်းတောလမ်းရှိ ရေဘေးရှောင်စခန်း ဖွင့်လှစ်ထားရှိသည့် ဆိုင်ကလုံးရှယ်တာနှင့် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းရုံးသို့ သွားရောက်ကာ ရေဘေးရှောင် ပြည်သူများအား ကြည့်ရှု အားပေးစကား ပြောကြားပြီး အခြေခံစားသောက်ကုန်များကို ထောက်ပံ့ပေးအပ်ပြီး တာဝန်ရှိသူများအား လိုအပ်သည်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲပိုင်းအချိန်က ကျိုက်ဒုံမြို့ အခြေခံပညာ အထက်တန်း ကျောင်း၌ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး အဆိုပါ သက်ကြီးဘိုးဘွားများအား ကြက်ဥနှင့် အာဟာရရှိသော ဖြည့်စွက်စာများကို ထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် (၂၆)ကုတင်ဆံ့ တိုက်နယ်ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေသခံပြည်သူများအား အားပေးစကား ပြောကြားပြီး အာဟာရ ဖြည့်စွက်စာများ ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက မြို့တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးစောင့် ရှောက်မှုနှင့် ကုသရေး လုပ်ငန်းများကို စေတနာတရား ထက်သန်စွာဖြင့် ဆောင်ရွက ပေးနေသည့် ဆရာဝန်ကြီးနှင့် ကျန်းမာရေး ဝန်ထမ်းများအား တွေ့ဆုံကာ အားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ခရိုင် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှတ်(၁)ရပ်ကွက်ရှိ သန္တိသုခ ဘုန်းတော်ကြီးကျောင်း ဆရာတော်ထံ၌ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ဆရာတော် ဘုရားအား လှူဖွယ်ဝတ္ထုအစုစုအား ဆပ်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
မျိုးမင်းဦး