ကျောက်တံခါးမြို့နယ် တောကျွဲအင်းဒေသတွင် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ

ကျောက်တံခါး သြဂုတ် ၄      

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းကျေးရွာအတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်းတွင် လူမျိုးဘာသာမရွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ကာကွယ် ဆေးထိုးနှံပေးရာတွင် စုရပ်ဖြစ်သည့် တောကျွဲအင်း အခြေခံပညာ အထက်တန်း ကျောင်းတွင် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ (၁၁၀) ဦးအား ထိုးနှံပေးလျက်ရှိပြီး  သက်ကြီးရွယ်အိုများအား ထိုးနှံပြီးသွားပါက ကာကွယ်ဆေး မထိုးနှံရသေးသော အစိုးရဝန်ထမ်းများ၊ ဘဏ်ဝန်ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ၊ ဈေးရောင်းချသူများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများမှ ပြည်သူများကို ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

ယခုထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ထုတ်လုပ်သော Sinopharm အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးလျှင် လူနှစ်ဦးထိုးနှံ ပေးလျက်ရှိကြောင်းနှင့် အဆိုပါဆေးထိုးခြင်းလုပ်ငန်းများကို ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စန်းစန်း