ကျွန်းလှမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျွန်းလှ ဩဂုတ် ၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံခြင်းကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အတွင်း သတ်မှတ်နေရာအသီးသီး၌ စတင်ထိုးနှံပေး ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်း၊ ဆေးထိုးမှတ်တမ်းယူခြင်း ဆောင်ရွက်ကြောင်း၊ ကာကွယ်ဆေးထိုးရာတွင် အသက် (၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ဦးစားပေး ထိုးနှံပြီး ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ ဝန်ထမ်းများကို အဆင့်လိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinopharm) အလုံးရေ(၁၅၀၀)ရရှိကြောင်း၊ ဆေးတစ်လုံး နှစ်ဦးနှုန်းဖြင့် စုစုပေါင်းလူဦးရေ(၃၀၀၀)အား မြို့နယ်ပြည်သူ့ဆေးရုံ၊ ညောင်ကိုင်း တိုက်နယ်ဆေးရုံ၊ ကုက္ကိုကုန်း တိုက်နယ်ဆေးရုံနှင့် ရွာသီကျေးရွာ စာသင်ကျောင်းတွင် ဩဂုတ်(၃)ရက်မှ (၄)ရက်နေ့အထိ ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ ပူးပေါင်းပြီး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မျိုးဝင်းညို