ဗန်းမောက် ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ဆရာတော်သံဃာတော်များ၊ သီလရှင်များနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့် နှာခေါင်းစည်းများကို စနစ်တကျ တပ်ဆင်စေခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကာကွယ်ဆေးထိုးရန် လာရောက်သူများအား စိစစ်၍ မှတ်ပုံတင်ခြင်းများ ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာ တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ချက်ချင်းအရေးပေါ်တုံ့ပြန်ဆောင်ရွက်နိုင်ရန်အတွက် စောင့်ကြပ်ကြည့်ရှုပေးခြင်းကို လည်း သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်ပေးကြသည်။
အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာကျော်ကျော်လင်း ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ပြီး ယခုကာကယ်ဆေးကို တစ်ကြိမ်မှ မထိုးရသူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခဲ့ကြောင်း သိရသည်။
ယနေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နွယ်နွယ်ဝင်းနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်း အဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ