ပဲခူး ဩဂုတ် ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီခွဲက ပဲခူးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁၅/၂၀၂၁)ကို Online Zoom Meeting System ဖြင့် ကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့်အစိုးရ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာဆဌမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး လမ်းညွှန်ချက်များအား ဖတ်ကြား ရှင်းလင်းပြီး ရုံးပိတ်ရက်ရှည်ကာလအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအတွက် ထိထိရောက်ရောက် ဆောင်ရွက်စေလိုကြောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း Stay at Home သတ်မှတ်ထားသည့် မြို့နယ်(၁၅) မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ တိတိကျကျ ပြတ်ပြတ်သားသား လုပ်ကိုင်ဆောင်ရွက်ရန်နှင့် အခြားမြို့နယ်များတွင်လည်း ကိုဗစ်-၁၉ စည်းကမ်းနှင့်အညီ လုပ်ကိုင်ရန်လိုအပ်ကြောင်း၊ နေအိမ်ပြင်ပထွက်ရင် အဖြစ်မနေ Mask တပ်ရန်သတိပေးချက်အပြင် နေအိမ်၌ သက်ကြီးဘိုးဘွားနှင့် နာတာရှည် ရောဂါခံစား နေရသူများရှိပါက နေအိမ်အတွင်း၌လည်း Mask တပ်ခြင်းနှင့် လေဝင်လေထွက် ကောင်းသောနေရာတွင် နေထိုင်ရန် အသိပညာပေးခြင်းကို လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ခြင်းကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာများအထိ အသိပညာပေးရန်နှင့် တိုင်းရင်းသား ကျေးရွာများရှိပါက သက်ဆိုင်ရာ တိုင်းရင်းသား ဘာသာစကားများဖြင့် အသိပညာပေးရန်လို အပ်ကြောင်း၊ အသိပညာပေးရာတွင် တိတ်ဆိတ်ငြိမ်သက်သည့် နံနက်စောစောနှင့် ညအချိန်များ တွင် ကြေငြာရန်လိုအပ်ကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကိုလည်း သတ်မှတ်ထားသည့် အုပ်စုအလိုက် မှန်မှန်မြန်မြန် ထိုးနှံပေးရန်နှင့် ကာကွယ်ဆေးထိုးနှံခြင်းကြောင့် ရရှိလာသည့် အကျိုးကျေးဇူးများကိုလည်း အများပြည်သူသိရှိစေရန် လိုအပ်ကြောင်း၊ အခြေခံစားသောက်ကုန် များဖြစ်သည့် ဆန်၊ စိုက်ပျိုးရေးထွက်ကုန်၊ မွေးမြူရေးထွက်ကုန်များ ဈေးမတတ်စေရန် အမြဲမပြတ် စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်သွား ရမည်ဖြစ်ကြောင်း၊ အများသုံးဆေးဝါးများအား အများပြည် သူ ဈေးနှုန်းသက်သာစွာဖြင့် လွယ်ကူစွာဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးရန် လိုအပ်ကြောင်း၊ မြို့နယ်အလိုက် အောက်စီဂျင် လိုအပ်မှုအပေါ် သက်ဆိုင်ရာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ချိတ်ဆက်၍ ချက်ခြင်းသယ်ယူပို့ ဆောင် နိုင်ရေးဆောင်ရွက်သွားရန်၊ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသည့် နေအိမ်အတွင်း ပိုးသတ်ဆေးဖြန်းနိုင်ရေး ကျန်းမာရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ မှ ပူးပေါင်းဆောင်ရွက်ရန်နှင့် နေရပ်ပြန်မြန်မာနိုင်ငံသားများအား Facility Quarantine Center များ၌ ထားရှိနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခိုင်ချိုမှ တောင်ငူခရိုင် အတွင်းလိုအပ်သော အောက်စီဂျင်များအား တပ်မတော်အောက်စီဂျင်ထုတ် စက်ရုံများနှင့် အောက်ဆီဂျင်ရရှိနိုင်ရေး ချိတ်ဆက်ဆောင်ရွက်နေမှု အခြေအနေကိုလည်းကောင်း၊ ကာကွယ်ဆေး ထိုးစာရင်းပြုစုသည့် မြို့နယ်များ ပြင်ဆင်ရန်အချက်များနှင့် အောက်စီဂျင်အရည် သယ်ယူရေး မော်တော်ယာဉ်များနှင့်ပတ်သက်၍ လုံခြုံရေးစနစ်တကျ ဆောင်ရွက်သွားရန်ကိုလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကျန်းမာရေးဦးစီးမှူး ဒေါက်တာသီဟက မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အခြေအနေ၊ ဆက်လက်ထိန်းချုပ်ကာကွယ်ရမည့် အခြေအနေများနှင့် ကာကွယ်ဆေးထပ်မံ ရောက်ရှိမည့် အခြေအနေ များကိုလည်းကောင်း၊ ခရိုင်/မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌများက ကာကွယ်ဆေးထိုးနှံပေးနေမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးစာရင်း ကြိုတင်ကောက်ယူမှု အခြေအနေ များနှင့် သီးခြားလိုအပ်ချက်များကိုလည်းကောင်း၊ ပဲခူးမြို့ အထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာ ဇော်လွင်က ဆေးရုံကြီး၌ လူနာများ အောက်ဆီဂျင် အသုံးပြုနေမှုနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ပေးမှုဖြင့် Liquid Oxygen Station မှ Central Pipe Line ဖြင့် တိုက်ရိုက်ချိတ်ဆက်၍ လူနာများအတွက် အောက်စီဂျင်ရရှိရေး ဆောင်ရွက်ပြီးစီးမှု အခြေအနေကိုလည်းကောင်း အသီးသီးတင်ပြခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက မြို့နယ်များတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် လူဦးရေစာရင်းအား ကျန်းမာရေးဝန်ကြီးဌာန၏ Website Server သို့ အချိန်နှင့် တစ်ပြေးညီ Online Data Base System ဖြင့် ထည့်သွင်းရန်၊ သတ်မှတ်ထားသည့် အုပ်စုအလိုက် ကာကွယ် ဆေးထိုးနှံနိုင်ရေး လူဦးရေစာရင်းများအား Up to Date ပြန်လည်ပြုစုထားရန် လိုအပ်ကြောင်း၊ တတိယလှိုင်းတွင် ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါပိုးသည် အသွင်ပြောင်း Delta Virus ဖြစ်၍ ကူးစက် မှုနှုန်းမြန်သလို သေဆုံးမှုနှုန်းလည်း မြှင့်တက်နေကြောင်း ပြည်သူအားလုံး ကျန်းမာရေးအသိ၊ ကျန်းမာရေး သတိဖြင့် နေထိုင်နိုင်ရေး အသိပညာပေးရန်လည်း လိုအပ်ကြောင်း၊ မြို့နယ်အလိုက် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများအား အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားရန်နှင့် မြို့နယ်များတွင် တပ်ဆင်မည့် Oxygen Plant များ မီးဘေးအန္တရာယ်နှင့် လုံခြုံရေးစနစ်တကျ ထားရှိသွားရန် အကြံပြု ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့နယ် အလိုက် လိုအပ်သော အောက်စီဂျင်နှင့် ကျန်းမာရေးသုံး အထောက်အကူပြုပစ္စည်းများအား အချိန်မီ ရရှိနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝဏ္ဏမောင်