ထီးလင်း ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့တွင် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Vero(Sinopharm) စတင်ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ထီးလင်းမြို့ မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ကာကွယ်ဆေး လာရောက်ထိုးနှံသူများကို ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုး မှတ်တမ်းများရေးသွင်းခြင်း စသည်တို့ကို ပြုလုပ်ပြီးနောက် ဦးစားပေး အနေဖြင့် အသက်(၆၅)နှစ်နှင့်အထက် ဘိုးဘွားများအား ကာကွယ်ဆေးများကို စတင်ထိုးနှံပေး ခြင်းဖြစ်ကာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် ရဟန်းသံဃာ များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်သူများအား ထီးလင်းမြို့ မိခင်နှင့်ကလေးကျန်းမာရေး ဌာန စုရပ်၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
ထီးလင်းမြို့နယ်အတွက် ယခုလက်ရှိတွင် ကာကွယ်ဆေး အလုံးရေ ၁၀၅၀ လုံး ရရှိပြီး ကာကွယ်ဆေးထိုးရန် လူဦးရေ ၆၈၆၀ ဦး လျာထားကာ လက်ရှိတွင် လူဦးရေ ၂၁၇၁ ဦး ထိုးနှံ ပေးသွားမည်ဖြစ်၍ ကျန်ရှိသည့် လူဦးရေများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်သည်။
အဆိုပါ ကာကွယ်ဆေးထိုးလုပ်ငန်းတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြသိန်းမောင်၊ ကော်မတီ အဖွဲ့ဝင်များမှ ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ကာကွယ်ဆေး တစ်လုံးကို လူနှစ်ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အောင်စည်