ကသာ ဩဂုတ် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့ပေါ်ရှိ ရပ်ကွက်များမှ အသက်(၆၅)နှစ်အထက်ရှိသည့် ဘိုးဘွားများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံခြင်းကို ဩဂုတ်လ(၃) ရက်နေ့၊ နံနက်(၈)နာရီအချိန်မှစ၍ ကသာမြို့ရှိ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း နှင့် မြို့တော်ခန်းမနေရာများ၌ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကသာမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Sinopharm)ကို စုစုပေါင်း လူဦးရေ (၃၀၀၀)ဦးတို့အတွက် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယနေ့တွင် မြို့ပေါ်ရပ်ကွက်များရှိ အသက်(၆၅)နှစ် အထက်ဘိုးဘွားများကို ဦးစားပေးထိုးနှံပေးလျက်ရှိကြောင်း၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် နံနက်ပိုင်းနှင့် ညနေပိုင်း(၂)ချိန်ခွဲ၍ မြို့တော်ခန်းမနှင့် အ.ထ.က(၁)နေရာများ၌ ရပ်ကွက်အလိုက် ထိုးနှံပေးလျက်ရှိရာ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကသာပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့အပြင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံသူများကိုလည်း လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက်မှုများနှင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများကိုလည်း မြို့နယ်အဆင့်ဌာန ဆိုင်ရာ များနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သည့် ပူးပေါင်းအဖွဲ့တို့မှ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံခြင်းကို ဩဂုတ်လ(၄)ရက် နေ့တွင်လည်း ယင်းနေရာများ၌ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။