ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး

ပလောက် ဩဂုတ် ၃

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် ကာကွယ်ဆေးမထိုးနှံရသေး သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ယနေ့ နံနက်(၈)နာရီခွဲအချိန်က ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ကာကွယ် ဆေးထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးရုံတပ်စု(ပလောက်)မှ ဆရာဝန်သူနာပြု(၅)ဦးနှင့် ပြည်သူ့ ကျန်းမာရေးဌာန မှ ကျန်းမာရေးဝန်ထမ်းများက တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Vero-Cell ကို ပထမအကြိမ် ထိုးနှံပေးခြင်းဖြစ်သည်။ ကျောက်လုံးကြီးကျေးရွာအုပ်စု အတွင်းရှိ ကျေးရွာများအတွက် တရုတ် နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  Vero-Cell (၂၀၀)လုံးကို ရရှိ၍ တစ်လုံးလျှင်လူ(၂)ဦးနှုန်းဖြင့် စုစုပေါင်း(၄၀၀)ဦးအား ရပ်ကွက်အုပ်ချုပ်‌ရေးမှူးနှင့် ရာအိမ်မှူးများ၊ ပရဟိတအဖွဲ့များက ကူညီဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးသည့် နေရာသို့ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးဝေ၊ ပလောက်နယ်မြေရဲစခန်းမှ စခန်းမှူး ရဲအုပ်စိုးသိမ်းမြင့်နှင့်  ပလောက်တပ်နယ်မှ တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်