ဘားအံ ဩဂုတ် ၃
ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူလူနာများအတွက် အောက်ဆီဂျင်ပြတ်လပ် မှုမရှိစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကရင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးကျော်စိုး နှင့်တွေ့ဆုံမေးမြန်ထားသည်ကို တင်ပြလိုက်ရပါသည်။
မေး။ ကရင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ လူနာများအတွက် အောက်ဆီဂျင်ရရှိရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို သိရှိလိုပါတယ်။
ဖြေ။ အောက်ဆီဂျင်လိုအပ်ချက်ကတော့ ကိုဗစ်ရောဂါ စဖြစ်ဖြစ်ခြင်း ဆေးရုံတက်ကုသနေရတဲ့ လူနာ ၁၀၀၀ ကျော်လောက်ရှိတဲ့အတွက် အဲ့ဒီအချိန်မှာတော့ အောက်ဆီဂျင်ရရှိရေးကို အတော်လေး ရုန်းကန်ရပါတယ်၊ အောက်ဆီဂျင်အချိန်မီရရှိရေး၊ ဆလင်ဒါအိုးတွေ မလုံလောက်မှု၊ အောက်ဆီဂျင် အိုးတွေ အချိန်မှီရရှိရေးအတွက် ဘားအံကနေမြဝတီသွားပြီး မြဝတီကနေ ဟိုဘက်ကမ်းမှာ သွားထည့်ပြီးတာနဲ့ ချက်ချင်းပြန်လာ၊ တစ်ခါတစ်ရံမှာဆိုရင် ၂၄ နာရီ အတွင်းကို ခေါက်တုံ့ခေါက်ပြန် ကြိုးစားပြီးတော့သယ်ယူဆောင်ရွက်ရပါတယ်၊ ဆေးရုံတက်ရတဲ့လူနာတွေ၊ အောက်ဆီဂျင်ရှူရတဲ့ လူနာတွေ၊ အောက်ဆီဂျင်ပြတ်လပ်မှုတော့မရှိခဲ့ပါဘူး၊ မရှိအောင်လဲ ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်တကွ တာဝန်ရှိသူတွေက ဝိုင်းဝန်းပြီးတော့ ကြိုးစား ဆောင်ရွက်ကြတာဖြစ်ပါတယ်၊ ကရင်ပြည်နယ်မှာ အောက်ဆီဂျင် မပြတ်လပ်မှုကို အရေးပေါ် ကာလမှာတော့ မော်လမြိုင်က အောက်ဆီဂျင်စက်ရုံ ရှိတဲ့အတွက် အလုံး ၂၅ ၊ ၂၀ ရရှိရေး ဆောင်ရွက်ပေးခဲ့တာတွေရှိပါတယ်၊ အဲဒါအပြင် ကရင်ပြည်နယ်မှာ ကျေးဇူးတင်ထိုက် သူတွေကတော့ ပရဟိတ အဖွဲ့တွေပါ၊ ပြည်နယ် အစိုးရအဖွဲ့က အောင်ဆီဂျင်ရရှိဖို့ ကြိုးပမ်းရှာဖွေ နေသလို သူတို့ကလည်း သူတို့အင်အားနဲ့ ယခင်ကတည်းက လုပ်ဆောင်နေကြတဲ့ အောက်ဆီဂျင်အိုးတွေနဲ့ ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ လာရောက် ပူးပေါင်းပါတယ်။ အောက်ဆီဂျင်အိုးတွေကို မြဝတီတစ်ဖက်ကမ်းမှာ ရှိတဲ့ မဲဆောက်မှာ ထည့်နိုင်ဖို့ကတော့ ချိတ်ဆက် ပေးရပါတယ်၊ သူတို့ကလည်း အင်တိုက်အားတိုက်နဲ့ ဆောင်ရွက်ပြီး ရရှိလာတဲ့ အောက်ဆီဂျင်အိုးတွေကို ပရဟိတ အဖွဲ့တွေက ဆေးရုံနှင့် ပြည်သူလူထုကို ဖြန့်ဝေ ပေးတယ်၊ ဖြန့်ပေးတဲ့ အချိန်မှာလည်း သူတို့ဆီမှာလည်း အောက်ဆီဂျင်အိုးတွေ များနေတဲ့ အချိန်ဖြစ်တဲ့အတွက် ဆေးရုံတွေမှာ ပရဟိတအဖွဲ့တွေရဲ့ အောက်ဆီဂျင်အိုးတွေနဲ့ပံ့ပိုး ပေးခဲ့တာ တွေရှိပါတယ်၊အခုချိန်မှာတော့ ကရင်ပြည်နယ်အနေနဲ့ အောက်ဆီဂျင်အိုးတွေကတော့ ပြည့်ပြည့်စုံစုံ ဖြစ်နေပါပြီး၊ အလုံး ၄၀၀ ကျော် ၅၀၀ နီးပါး လောက်ရှိနေပါပြီး ဒါ့အပြင် ပရဟိတအဖွဲ့တွေနဲ့ ပေါင်းစပ်ပြီးတော့ ဆောင်ရွက်တဲ့အခါ လက်ရှိ အနေအထားမှာတော့ ကရင်ပြည်နယ်မှာ အောက်ဆီဂျင်ရရှိမှုအနေနဲ့ လုံလောက်မှု ရှိသွားပါပြီး ဆေးရုံတက်ရတဲ့ အောက်ဆီဂျင်ရှူရတဲ့ လူနာတွေကိုလည်း လုံလောက်အောင် ပေးနိုင်ပါပြီ၊ အောက်ဆီဂျင် အရန်အိုးလည်းရာနှင့်ချီရှိ နေပါပြီ၊ ပရဟိတအဖွဲ့တွေနဲ့လည်းပေါင်းစပ်ပြီး မြဝတီ-မဲဆောက်တစ်ဖက်ကမ်းမှာ ထည့်နိုင်ဖို့ အေးဂျင့်တစ်ခုနဲ့ ချိတ်ပြီးတော့ နေ့စဉ်နဲ့အမျှ လိုအပ်ချက်တွေ ဖြည့်ဆည်းနိုင်ဖို့ ဆောင်ရွက် ပေးလျက်ရှိပါတယ်၊ အဲ့ဒီလိုပဲ မြဝတီမြို့မှာဆိုလျှင်လည်း အေးဂျင့်တွေနဲ့ချိတ်ထားတားရှိပါတယ်၊ ကော့ကရိတ်တို့ ၊ ကြာအင်းဆိပ်ကြီးတို့မှာလဲ ၂၄နာရီအတွင်း တစ်ကြိမ်ပြန်ထည့်နိုင်အောင် အိုးတွေ ကိုလည်း ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ ဖြည့်ဆည်းဆောင်ရွက် ပေးထားပြီးဖြစ်ပါတယ်၊ အောက်ဆီဂျင် အနေနဲ့ ကရင်ပြည်နယ်မှာ လုံလောက်မှုကတော့ ၉၉ရာခိုင် နှုန်းလောက် ဖြည့်ဆည်း နိုင်တဲ့ အနေအထားမျိုး ရောက်ရှိလာပြီဖြစ်ပါတယ်။
မေး။ ကရင်ပြည်နယ်အတွက်ရရှိလာတဲ့ အောက်ဆီဂျင်အိုးတွေကို ခွဲဝေပေးမှု အခြေအနေ များကို လည်း သိလိုပါတယ်။
ဖြေ။ ရရှိလာတဲ့ အောက်ဆီဂျင်အိုးတွေကို ပြည်နယ် အစိုးရအဖွဲ့ရုံးမှာထားရှိပြီး ဆေးရုံတွေက လိုအပ်ချက်တွေကို ညနေတိုင်းစာရင်းကောက်ယူပြီး အိုး(၃၀)လိုတယ်ဆိုရင်လည်း အလုံး(၃၀) တစ်ခါ တည်း ဖြည့်ပေးပါတယ်၊ ဖြည့်ပြီးတော့အိုးတွေကို ပြန်ယူလာပါတယ်၊ မြို့နယ်အတွင်းမှာရှိတဲ့ ပရဟိတ အဖွဲ့တွေကလည်း သူတို့လိုအပ်တဲ့ အောက်ဆီဂျင်အိုးအရေအတွက်ကို ညနေပိုင်းမှာ ကျွန်တော်တို့ကို ချိတ်ဆက်လာပါတယ်၊ ချိတ်ဆက်ပြီးတာနဲ့ ဆေးရုံတွေက ပိုလာတဲ့ အိုးအလွတ် တွေရယ် ၊ ပရဟိတ အဖွဲ့တွေဆီက ထွက်လာတဲ့ အိုးအလွတ်တွေကိုပေါင်းပြီး မနက်(၆)နာရီထက် နောက်မကျဘဲ မြဝတီကိုတက်ပါတယ်။ မြဝတီကို တက်ပြီးတော့ ဆက်သွယ်ထားတဲ့အေးဂျင့်တွေကို သွားအပ်နှံပါတယ်၊ အပ်နှံပြီးတာနဲ့ နေ့ခင်းဘက်အပ်နှံလျှင်နောက်နေ့မနက်မှာ ပြန်ထုတ်စနစ်နဲ့ ဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိ ပါတယ်။
မေး။ ကရင်ပြည်နယ်မှာ အောက်ဆီဂျင်စက်ရုံတည်ဆောက်မယ်လို့လဲသိရပါတယ်။ စက်ရုံတည် ဆောက်မည့်အခြေအနေကိုလဲ သိလိုပါတယ်။
ဖြေ။ ကရင်ပြည်နယ်မှာအောက်ဆီဂျင်စက်ရုံတွေကို မြဝတီမှာ အလှူရှင်တွေနဲ့ ကိုယ့်အား ကိုယ်ကိုး တည်ဆောက်ဖို့ အုတ်မြစ်ချပြီး ဖြစ်ပါတယ်။ ၄၀ လီတာအိုးဆိုလျှင် တစ်နေ့ကို အလုံး(၁၀၀)ကျော် လောက်သွင်းလို့ရမယ်ဆိုတဲ့ စက်မျိုး ရပ်မိရပ်ဖနဲ့ စေတနာရှင်တွေပေါင်းစပ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အလားတူ ဘားအံမြို့မှာလည်း ပြည်နယ်ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုနဲ့ (၄၀)လီတာဝင် (၁)နာရီမှာ (၄)လုံး ၊ တစ်နေ့မှာ (၉၆)လုံး သွင်းလို့ရမည့် စက်မျိုး (၂)လုံးကို တရုတ်နိုင်ငံကနေ မှာယူထားပြီးဖြစ်ပါတယ်၊ ဩဂုတ်လ အလယ်လောက်မှာ ရောက်ရှိလာ မှာဖြစ်ပါတယ်။ အဲ့ဒီလိုပဲ ဘားအံမြို့ရဲ့ မြို့မိမြို့ဖများကလည်း တစ်နေ့ (၉၆)လုံး နေ့စဉ်ထွက်နိုင်တဲ့ စက်မျိုးကို ဘားအံမြို့ သူ/သားများနဲ့ မြို့မိမြို့ဖများပေါင်းစပ်ပြီး ဝယ်ယူထားပြီးဖြစ်ပါတယ်။ ပုဂ္ဂလိကအနေနဲ့ တစ်လုံး၊ ပြည်နယ်အစိုးရအဖွဲ့အနေနဲ တစ်လုံး၊ ၎င်းအပြင် တပ်မတော်က တရုတ်နိုင်ငံထုတ် စက်တစ်လုံး ကိုလည်း ဝယ်ယူထားပါတယ်၊ အဲ့ဒါကတော့ သိန်းပေါင်း (၂၅၀၀)ကျော်လောက်ကျတာ ဖြစ်ပါတယ်၊ မကြာမီမှာလာရောက်တပ်ဆင်တော့မှာဖြစ်ပါတယ်၊ သူလဲ တစ်ရက်ကို အလုံး(၂၀၀)ကျော်လောက် ရမဲ့ စက်မျိုးဖြစ်တဲ့အတွက် ဩဂုတ်လအလယ် ရောက်လျှင်တော့ ကရင်ပြည်နယ်မှာ အောက်ဆီဂျင် နဲ့ပတ်သက် ပြီးလိုအပ်ချက် မရှိသလောက်ဖြစ်သွားမှာပါ။ ရှိခဲ့မယ်ဆိုလျှင် မြဝတီက တစ်ဆင့် အချိန်နှင့် တစ်ပြေးညီ လိုအပ်သမျှကို ပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး သွားမှာဖြစ် ပါတယ်။
မေး။ အောက်ဆီဂျင်စက်ရုံတည်ဆောက်ပြီးသွားရင် ကရင်ပြည်နယ်အနေနဲ့ အောက်ဆီဂျင်လိုအပ် မှုတွေပြည်စုံလုံလောက်နိုင်ပြီးလားလို့သိလိုပါတယ်။
ဖြေ။ လက်ရှိစီစဉ်ထားတဲ့ တွက်ကိန်းအရ ဘားအံမြို့ဆိုရင် တစ်နေ့ကို အောက်ဆီဂျင်အလုံး (၅၀၀) လောက် ပုံမှန်ထွက်ရှိမှာဖြစ်ပါတယ်၊ ကရင်လူမျိုးတွေရဲ့ လူနေမှုစနစ်အရ အိမ်ဝင်းခြံဝင်းနဲ့ နေတဲ့ အတွက် ကိုဗစ်ဖြစ်တဲ့နှုန်းကလည်း အနည်းဆုံးဖြစ်ပါတယ်၊ သူတို့ရဲ့ကျန်းမာသန်စွမ်းမှုအရ ဆေးရုံတက် နေရသော်လည်း လူတိုင်းက အောက်ဆီဂျင်ရှူရတာမဟုတ်ပါဘူး၊ စက်ရုံ(၃)ရုံ၊ (၄)ရုံတည်ပြီးတဲ့အခါမှာ ဘားအံအနေနဲ့တစ်နေ့ကို အောက်ဆီဂျင် အလုံး(၅၀၀) ထုတ်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ ရောဂါကူးစက်မှု အနေအထားကို ထိန်းချုပ်ပြီးတော့ လိုအပ် ချက်ကို ဖြည့်ဆည်းနိုင်မဲ့အနေအထားရှိပြီးဆိုလျှင် ဖြစ်ပေါ်လာနိုင်တဲ့ အခက်အခဲကို ပြည်နယ်ဝန်ကြီးချုပ် ရဲ့ ဦးဆောင်မှုနဲ့ ဖြေရှင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်၊
မေး။ အောက်ဆီဂျင်ရရှိမှု၊ ခွဲဝေပေးမှု ဆောင်ရွက်ပေးနေမှုများနဲ့ ပတ်သက်ပြီး ကရင်ပြည်နယ် အစိုးရ အဖွဲ့အတွင်းရေးမှူးအနေနဲ့ ဖြည့်စွက်ပြောကြားပေးစေလိုပါတယ်။
ဖြေ။ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေနဲ့ အောက်ဆီဂျင်ရရှိရေးအတွက် နည်းလမ်း ပေါင်းစုံ၊ ဈေနှုန်းမျိုးစုံနဲ့ ဝယ်ယူဖြည့်ဆည်းပေးနိုင်ခဲ့သလို နောင်ဖြစ်ပေါ်လာမည့် မည်သည့် အခက်အခဲမျိုးကိုမဆို ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဝန်ကြီးချုပ်၏ဦးဆောင်မှု၊ ရပ်မိရပ်ဖများ၊ ပရဟိတအသင်း အဖွဲ့များ၏ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်မှုများဖြင့် ကောင်းစွာကျော်လွှာနိုင်မှာဖြစ်ပါတယ်၊ ဒါကို လည်း ယုံကြည်ပါတယ်။ ကျေးဇူးတင် ပါတယ်။
တွေ့ဆုံမေးမြန်းသူ - စိုးစိုးအေး ၊ ခက်ခက်လွင်