အထက်မင်းလှ ဩဂုတ် ၃
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မင်းလှမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များအား တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲ က မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ရေးနှင့် ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ရောဂါကူးစက်ပြန့်ပွားမှု လျော့နည်းစေရေး မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပူးပေါင်းဆောင်ရွက်ကြရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းရေး၊ ရောဂါကူးစက် ခံရသူများ သက်သာပျောက်ကင်းစေရေး၊ သေဆုံးမှုမရှိစေရေး အတွက် ပြည်သူများ ပူးပေါင်းပါဝင်ကြရေး ဆွေးနွေးပြောကြားခဲ့ပြီး သရက်ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်မျိုးလတ်က သရက်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ကိုဗစ်-၁၉လူနာ စစ်ဆေးတွေ့ရှိမှု အခြေအနေများနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးလုပ်ငန်းစဉ်များအားရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က ကိုဗစ်-၁၉ ပိုးစစ်ဆေးပေးနေမှုများ၊ Positive Centre များတွင်ထားရှိမှုအခြေအနေများ၊ အောက်ဆီဂျင်ပေးရန် လိုအပ်သည့်လူနာများ၏ အခြေအနေ များနှင့် အောက်ဆီဂျင်ရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ တပ်ရင်းတပ်ဖွဲ့များ၊ အပမာဒနာရေး ကူညီမှုအသင်း၊ မုဒိတာပရဟိတအသင်းတို့မှ အောက်ဆီဂျင်စက်ရုံများနှင့် ချိတ်ဆက်ဖြည့်ဆည်းနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာစန်းစန်းမိုး က ကိုဗစ်-၁၉ ရောဂါသံသယလူနာများ၊ Positive လူနာများနှင့်ထိစပ်သူများအား RDT Test Kit ဖြင့် စစ်ဆေးပြီး ရောဂါပိုးတွေ့သည့်အခြေအနေများ၊ positive လူနာများအား ဆေးကုသပေးနေမှုများအား ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က မုဒိတာပရဟိတအသင်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် PPE ဝတ်စုံများ၊ နှာခေါင်းစီး Mask များ၊ Hand gel များနှင့် လက်အိတ်များထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)