မင်းဘူး ဩဂုတ် ၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်အတွင်းရှိ Quarantine Center များနှင့် ပတ်သက်၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဝင်များနှင့် ပရဟိတအဖွဲ့ဝင်များ အစည်းအဝေးကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မင်းဘူးခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ကိုယ့်ခရိုင်အတွင်းမှာ ကိုဗစ်-၁၉ ရောဂါ ကင်းစင်အောင်ဝိုင်းဝန်းဆောင်ရွက်ရေး၊ မြို့နယ် အလိုက် စေတနာ့ဝန်ထမ်း ပံ့ပိုးကူညီရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေးနှင့် ပြန်လည်တင်ပြရေး၊ အခြေခံစားသောက် ကုန်နှင့် ဆေးဝါးပစ္စည်းများ မလိုအပ်ဘဲ ဈေးမြှင့်တင် ဈေးရောင်းချခြင်း မရှိစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်၊ FDA စုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်ဥပဒေအရာရှိတို့က ဈေးဆိုင်ပိုင်ရှင် ဆေးဆိုင်ပိုင်ရှင်များနဲ့ ခေါ်ယူသတိပေး ပြောကြား ဆောင်ရွက်ရေး၊ ကိုဗစ်-၁၉ ကုသရေး ဆေးရုံများ၊ Positive Center များတွင် လုပ်အားပေးနေကြတဲ့ ကြက်ခြေနီအသင်းအဖွဲ့များ NGO အဖွဲ့အစည်းများ ပရဟိတ အဖွဲ့အစည်း များရဲ့ လိုအပ်ချက်များဖြစ်တဲ့ PPE ဝတ်စုံများ စားသောက်စရိတ်များ တစ်လစာ ကြိုတင်တွက်ချက်၍ သက်ဆိုင်ရာ ခရိုင်နှင့် ညှိနှိုင်းဆောင်ရွက်ရေးတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ဆက်လက်ပြောကြားရာတွင် အလှူရှင်များ လှူဒါန်းလိုပါက ဆက်သွယ်လှူဒါန်းနိုင်ရန် Face Book, Website များတွင် လွှင့်တင်ပေးရေး၊ မြို့နယ်အတွင်းမှာ ပိုးတွေ့ရှိမှု များပြားလာတဲ့ ရပ်ကွက်၊ ကျေးရွာ၊ အုပ်စုများမှာ ကျန်းမားရေးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပြီး လမ်းအလိုက် ရပ်ကွက်/ကျေးရွာအလိုက် လော့ဒေါင်း ချမှတ်ဆောင်ရွက်ရေး၊ မြို့နယ်များမှာ ကုသရေးဆေးရုံ Positive Center များ ထားရှိရန်နေရာ၊ Contact Person များ ထားရှိသွားရေးနှင့် အောက်ဆီဂျင် ၉၀ ရာခိုင်နှုန်းအောက် ရောက်နေလျှင် ကုသရေးစင်တာသို့ ပို့ဆောင်ပေးရေး၊ မြို့နယ်များအတွင်း ဆေးဆိုင်များအားလုံး ဖွင့်လှစ်ပြီး Quarantine Center များအတွက် လိုအပ်သော ဆေးဝါးများ တင်ပြတောင်းခံသွားရေးတို့အပြင် မင်းဘူးမြို့ရှိ စင်တာ ၃ ခု၊ ဗြဟ္မစိုရ် လူမှုကူညီရေးအသင်းတို့အပြင် စကုမြို့နယ်ရှိ ကန်ဦးသဘာဝ တရားရိပ်သာစင်တာနှင့် ဆေးရုံတို့အတွက် စင်တာတစ်ခုလျှင် PPE ၁၀ စုံ၊ လက်အိတ် အခု ၁၀၀၊ လူတစ်ဦးလျှင် Mask တစ်ဘူးစီနှင့် Face Shield တစ်ခုစီ ပေးအပ်ခဲ့ပြီး ကော်မတီအဖွဲ့ဝင်များရဲ့ တင်ပြချက်များ အပေါ် ပြန်လည်ကာ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ဇေယျာထက်