စေတုတ္တရာမြို့နယ်တွင် အသက်(၁၈)နှစ်ပြည့်သူတိုင်းမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေး ကတ်များ ကွင်းဆင်းဆောင်ရွက်ပေး

စေတုတ္တရာ   ဩဂုတ်  ၁၂

မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးမှူးရုံးမှ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ၂၀၂၀ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈)နှစ်ပြည့်သူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များအား ယမန်နေ့နံနက်ပိုင်းက မြို့နယ် အတွင်းရှိ ကျေးရွာများ၌ အိမ်တိုင်ရာရောက် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်မှုကို နိုင်ငံသားတိုင်းမဲပေးပိုင်ခွင့်မဆုံးရှုံးစေရန်  စေတုတ္တရာ မြို့နယ် အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍  ပန်းအိကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ကျင်းကြီးကျေးရွာ၊ လုံးဇွန်ကျေးရွာ၊ ဘူးကျေးရွာ၊ အထက်လယ်ကျေးရွာ နှင့်ဘိုကုန်းကျေးရွာများမှ မဲဆန္ဒရှင်စာရင်းတွင်ပါဝင်ပြီး အသက်(၁၈) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်မရှိသေးသည့်ပြည်သူများအား မြန်မာနိုင်ငံသားဥပဒေ  လုပ်ထုံးလုပ်နည်းများနှင့်အညီ နိုင်ငံသားစိစစ်ရေးကတ်များအား နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။

စေတုတ္တရာမြို့နယ်အတွင်း ကျန်ရှိနေသေးသည့်ကျေးရွာများတွင်လည်း အသက်(၁၈) နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်မရှိသူများအား ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေးကတ်များကို ဆက်လက် ကွင်းဆင်း ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အလုပ်သမားလူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးထင်အောင်ထံမှ သိရသည်။

စည်သူလွင်(ပြန်/ဆက်)