ဘိုကလေး ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာ နေသူတစ်ဦး တရုတ်ပြည်သို့ သွားရောက် အလုပ်လုပ်ကိုင်ရာမှ ကံစုကျေးရွာသို့ပြန်လည် ရောက်ရှိလာသဖြင့် ၎င်းအား ပတ္တမြားကုန်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ နယ်ထိန်း ရဲတပ်ဖွဲ့ဝင်နှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းတို့ ပါဝင်သည့်အဖွဲ့မှ စစ်ဆေးမေးမြန်းပြီး ယမန်နေ့ ညနေ (၅) နာရီခန့်တွင် ဘိုကလေးမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ Facility Quarantine ထားရှိရန် ပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။
တရုတ်ပြည်မှ ပြန်လာသူသည် ပတ္တမြားကုန်းကျေးရွာအုပ်စု၊ ကံစုကျေးရွာနေ ဦးဝင်းကျော်ကျော်၊ ၃၄ နှစ်၊ (ဘ) ဦးမြခဲ ဖြစ်ပြီး တရုတ်နိုင်ငံ ကြယ်ခေါင်မြို့မှ တစ်ဆင့် ဩဂုတ်(၇)ရက်တွင် မူဆယ်မြို့သို့ ရောက်ရှိခဲ့ကြောင်း၊ မူဆယ်မြို့မှတစ်ဆင့် လားရှိုးမြို့သို့လည်းကောင်း၊ လာရှိုးမြို့မှ မန္တလေးမြို့သို့ လည်းကောင်း၊ မန္တလေးမြို့မှ ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် အဆင့်ဆင့် လာရောက်ခဲ့ပြီး ဩဂုတ်(၁၀) ရက်နေ့ ညနေပိုင်းတွင် ရန်ကုန်မြို့မှ ပုသိမ်သူရေယာဉ်ဖြင့် ဘိုကလေးမြို့သို့ လိုက်ပါစီးနင်းခဲ့ပြီး ဩဂုတ်(၁၁)ရက်နေ့ နံနက်(၈)နာရီတွင် ကံစုကျေးရွာသို့ရောက်ရှိလာခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေး အဖွဲ့ထံမှ သိရသည်။
မိုးစက်(ဘိုကလေး)