လွိုင်ကော် ဩဂုတ် ၂
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက် ၆၅ နှစ်နှင့်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီမှ စတင်၍ စုရပ် ၄ နေရာခွဲကာ ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံရာတွင် မင်းစုရပ်ကွက် ၊ အထက(၁) ကျောင်းစုရပ်၌ မင်းစု၊ ရှမ်းစု၊ ဒေါနိုးကူး၊ နမ့်ကွတ် နှင့် ထေးသမရပ်ကွက်များ၊ ဒေါတမရပ်ကွက် အ.လ.က ကျောင်းစုရပ်၌ လောဓမ္မ၊ ဒေါတမ၊ ဧက ၅၀၀၊ နမ့်ဘော်ဝမ် (က) နှင့် နမ့်ဘော်ဝမ် (ခ) ရပ်ကွက်များ၊ ဒေါဥခူရပ်ကွက် အ.ထ.က ၆ ကျောင်းစုရပ်၌ နောင်ယား(က)၊ နောင်ယား (ခ)နှင့် ဒေါဥခူရပ်ကွက်များ၊ မြို့လယ်ဓမ္မာရုံတွင် မင်္ဂလာ၊ ဈေးပိုင်း၊ ဓမ္မာရုံ၊ ရွှေတောင်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်များရှိ သက်ကြီးရွယ်အိုများကို ထိုးနှံပေးခဲ့သည်။
အဆိုပါ ဆေးထိုးနှံရာသို့ ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ များ၊ မြို့နယ်ကျန်းမာရေးမှူး၊ ကော်မတီဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက သွားရောက်အားပေး ကြည့်ရှုစစ်ဆေးခဲ့သည်။
ယခုထိုးနှံပေးလျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအား မြန်မာ့လေကြောင်းမှ ယနေ့နံနက် ၈ နာရီတွင် လွိုင်ကော်မြို့သို့ ရောက်ရှိလာပြီး နံနက် ၉ နာရီမှစတင်၍ စုရပ်အသီးသီးရှိ သက်ကြီးရွယ်အိုများအား ထိုးနှံပေးခဲ့သည်။
ကယားပြည်နယ်အတွင်းသို့ ရောက်ရှိသည့်ဆေးမှာ Sinopharm ဆေးအမျိုးအစား ဆေးလုံးရေ ၃၅၀၀ လုံး နှင့် Sinovac ဆေးအမျိုးအစား ဆေးလုံးရေ ၂၂၂ လုံးဖြစ်ပြီး ကယားပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့ချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း၊ အအေးသိုလှောင်ခန်း၌ ထိန်းသိမ်းထားကာ မြို့နယ်များတွင် ထိုးနှံနိုင်ရေးအတွက် ဆက်လက်ဖြန့်ချိပေးပို့သွားမည် ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)