ဖောင်းပြင် ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေကြီး၊ ဖောင်းပြင်မြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နန်းမခွင်ချောင်းနှင့် ခြင်္သေ့ချောင်းတို့တွင် ယမန်နေ့က ရေအလုံးအရင်းကြီးမြှင့်ခဲ့ရာ ချောင်းတစ်လျှောက်ရှိ ကျေးရွာချင်း ဆက် တံတား (၁၀)စင်း ပျက်စီးခဲ့ပြီး လူ၊ လူနေအဆောက်အဦများနှင့် တိရစ္ဆာန်များထိခိုက် ဆုံးရှုံးမှု မရှိကြောင်းနှင့် ရေကြီးရေလျှံမှုကြောင့် စိုက်ပျိုးသီးနှံများ ရေနစ်ဆုံးရှုံးမှုရှိမရှိ စိစစ်လျက်ရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ထိုသို့ပျက်စီးခဲ့ရာ နန်းမခွင်ချောင်းတစ်လျှောက်ရှိ ကျော်ရွာကျေးရွာနှင့် ဗျူဟာလမ်းမကြီးသို့ ဆက်သွယ်ထားသော သစ်သားတံတား အရှည်(၁၇၀)ပေ၊ အကျယ်(၁၂)ပေမှာ အရှည် (၇၂)ပေခန့်ကျိုးပြတ် မျှောပါခြင်း၊ မှန်ပင်-အောင်မြင်ငြိမ်ကျေးရွာချင်းဆက် သစ်သားတံတား အရှည်(၃၀၀)ပေ၊ အကျယ် (၁၄)ပေမှာ အရှည်ပေ(၈၀)ခန့်ကျိုးပြတ်မျှောပါခြင်း၊ ညောင်ပင်သာ- ကလပ်ဝကျေးချင်းဆက် သစ်သားတံတား အရှည် (၁၃၀)ပေ၊ အကျယ်(၁၂)ပေမှာ တံတားတစ်စင်းလုံးမျှောပါခြင်း၊ ချောင်းခွ- မန်လီ ကျေးရွာချင်းဆက် သစ်သားတံတား အရှည်(၂၁၀)ပေ၊ အကျယ်(၁၀)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်း၊ ကုန်းအောက် တောင်း- ရွှေညောင်ပင်ကျေးရွာချင်းဆက် သစ်သားတံတား အရှည်(၂၅၀)ပေ၊ အကျယ်(၁၂)ပေမှာ အရှည် ပေ(၁၀၀)ခန့် ကျိုးပြတ်မျှောပါခဲ့ပြီး၊ ခြင်္သေ့ချောင်းတစ်လျှောက်ရှိ လယ်ဦး-ခမိုင်းကျေးရွာချင်းဆက် သစ်သားတံတားအရှည် (၁၅၀)ပေ၊ အကျယ်(၁၀)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်း၊ နောင်မနား- ဘုရား တစ်ဆူကျေးရွာချင်းဆက် ကြိုးတံတားအရှည် (၁၅၀)ပေ၊ အကျယ်(၁၅)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်း၊ နောင်မနား- တောင်ကုန်းသာကျေးရွာချင်းဆက်ကြိုးတံတား အရှည်(၂၅၀)ပေ၊ အကျယ်(၁၅)ပေ မှာ ရေတိုက်စားမှုကြောင့် ယိမ်းယိုင်သွားခဲ့ခြင်း၊ ရွာတန်းရှည်- ကြာအင်းကျေးရွာချင်းဆက် ကြိုးတံတား အရှည်(၂၆၀)ပေ၊ အကျယ်(၁၈)ပေမှာ တံတားတစ်စင်းလုံး မျှောပါခြင်းနှင့် နောင်စကန်- မြင်သာကျေးရွာ ချင်းဆက် သစ်သားတံတား အရှည် (၂၀၈)ပေ၊ အကျယ်(၁၄)ပေမှာ တံတားအလယ်ပိုင်း ယိမ်းယိုင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါတံတားများ ပျက်စီးခဲ့မှုကြောင့် တံတားများကို မှီခိုသွားလာနေကြသည့် ပြည်သူများ အနေဖြင့် သွားလာရေးအဆင်မပြေမှုများ ဖြစ်ပေါ်နေပြီး လတ်တလောသွားလာရေး အဆင်ပြေစေရန်အတွက် ယာယီတံတားများ ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ကျေးရွာနေပြည်သူများ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က တာဝန်ရှိသူထံမှ သိရသည်။
ကိုထွန်း(ဖောင်းပြင်)