မေး- ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါလက္ခဏာ တွေ့ရှိလာရင် ဘယ်လိုဆက်သွယ် ဆောင်ရွက်ပါမလဲ။
ဖြေ- မင်္ဂလာပါ ကျွန်မကတော့ လွိုင်ကော်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်ခင်စန်းမြင့် ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ပြည်သူတွေ ကိုဗစ်-၁၉ ရောဂါလက္ခဏာ တွေ့လာရင် အရင်ဆုံး ကျန်းမာရေးဝန်ထမ်းများနဲ့ တွေ့ဆုံပြီး ဆက်သွယ်ဆောင်ရွက်စေချင် ပါတယ်။ လွိုင်ကော်ပြည်သူ့ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနမှာ လာရောက်ပြသလို့ရပါတယ်။
မေး- ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေကို ရောဂါ ရှိ/မရှိ ဘယ်လို စစ်ဆေးပေးပါသလဲ။
ဖြေ- ကိုဗစ်-၁၉ ရောဂါ သံသယလူနာတွေ ရောဂါ ရှိ/မရှိကို မနက်(၁၁) နာရီတွင် တစ်ကြိမ်၊ နေ့လည် (၂) နာရီတွင် တစ်ကြိမ်၊ လွိုင်ကော်ပြည်သူ့ဆေးရုံရဲ့ သီးသန့်ခန်းမမှာ စစ်ဆေး ပေးလျက် ရှိပါတယ်။
မေး- ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိပြီဆိုရင် ဘယ်လိုဆောင်ရွက် ပေးနေပါသလဲ။
ဖြေ- ကိုဗစ်-၁၉ ရောဂါပိုး Positive အနေနဲ့ တွေ့ရှိလာပြီဆိုရင် သာမန်လူနာဆောင်နဲ့ အရေးပေါ် လူနာဆောင်ဆိုပြီး ခွဲခြားပေးထားပါတယ်။ သာမန်လူနာတွေအတွက်ကတော့ သူတို့ သောက်ရမဲ့ဆေးတွေ စီစဉ်ပေးပြီး ဆေးကုသဆောင်တွေကိုလည်း တာဝန်ကျဝန်ထမ်းများမှ နေ့စဉ်အလှည့်ကျ ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပါတယ်။ အောက်စီဂျင်ပေးရတဲ့ အရေးပေါ်လူနာများအတွက် လူနာ(၈) ဦးအထိ ထားလို့ရတဲ့ အရေးပေါ်ကုသဆောင်ကို စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
မေး- ကယားပြည်နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို စီစဉ်ထားပါသလဲ။
ဖြေ- ကယားပြည်နယ်အနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး အဓိက လုပ်ဆောင်နေတာကတော့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနပဲဖြစ်ပါတယ်။ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူးအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ တွေနဲ့အတူ မြို့အဝင်ဂိတ်များ၊ လေယာဉ်ကွင်း၊ ကားဂိတ်တွေမှာ စိစစ်ပြီး လိုအပ်သလို ဆောင်ရွက် ပါတယ်။ ပြည်သူ့ဆေးရုံကြီးအနေနဲ့ ကုသရေးလုပ်ငန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကုသရေး လုပ်ငန်းမှာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာတွေကို စောင့်ရှောက်မှု အပြင် ဆက်လက်ပြီး ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် လူနာနဲ့အဓိက ထိတွေ့တဲ့ မိသားစု ဝင်တွေကို Quarantine (၁၀)ရက်ထားရှိပြီး Quarantine ဝင်ရောက်နေတဲ့အချိန်မှာ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မေး- ကိုဗစ်-၁၉ ရောဂါ ဖြစ်လာရင် ဘယ်လိုနေထိုင်စားသောက်ရမလဲ။
ဖြေ- ကိုဗစ်-၁၉ ရောဂါ ဖြစ်လာပြီဆိုရင် စိတ်ဓာတ်မကျဖို့ကို အဓိကမှာချင်ပါတယ်။ စိတ်ဓာတ် ခွန်အားက ကုသရေးလုပ်ငန်းမှာ (၇၅%)ထိ အကျိုးပြုပါတယ်။ ကျန်တဲ့ ရာခိုင်နှုန်းကတော့ ဆရာဝန်ရဲ့ ကုသမှုအပိုင်းဖြစ်ပါတယ်။ ဆရာဝန်များရဲ့ ကုသမှုအပိုင်းမှာဆိုရင်လဲ လူနာတွေ အနေနဲ့ အာဟာရပြည့်ဝတဲ့အစားအစာများကို စားနိုင်သလောက်၊ စားသင့်သလောက် စားပါ။ အသီးအနှံမျိုးစုံ၊ ပဲမျိုးစုံ၊ အသားငါးမျိုးစုံတို့ကို စားနိုင်ပါတယ်။ အာဟာရမျှတအောင် စားစေ ချင်ပါတယ်။ အိပ်ရေးဝအောင် အိပ်ဖို့လဲလိုပါတယ်။ အသက်ရှုလေ့ကျင့်ခန်းများကိုလဲ ပုံမှန် ပြုလုပ်စေချင်ပါတယ်။
မေး- ဖြည့်စွက်ပြောကြားလိုမှုရှိပါက ပြောကြားပေးပါ။
ဖြေ- ဖြည့်စွက်ပြီးပြောချင်တာက ပြည်သူတွေအနေနဲ့ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းတွေ မှာ အဓိကပါဝင် ဆောင်ရွက်စေချင်ပါတယ်။ ရောဂါကာကွယ်ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာကို ပြည်သူအားလုံးက သိရှိပြီးသားဖြစ်တဲ့အတွက် အလေးအနက် ထား လိုက်နာဆောင်ရွက်စေလိုပါတယ်။ ရောဂါဖြစ်လို့ ဆေးကုသမှုခံယူရမယ်ဆိုရင်လဲ စိတ်ဓာတ် ခွန်အားအပြည့်နဲ့ ဆရာဝန်များရဲ့ ညွှန်ကြားချက်များနှင့်အညီ လိုက်နာပြီး တွန်းလှန်တိုက်ထုတ်နိုင်မယ်ဆိုရင် ရောဂါမဖြစ်သေးတဲ့သူတွေကိုလည်း ကာကွယ်နိုင်ပြီး ကုသမှုခံယူနေတဲ့သူတွေကလည်း ပြန်လည်ကျန်းမာလာမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူများအနေနဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းတွေမှာ အတူတကွ ပါဝင်ပေးကြပါလို့ ပြောကြားလိုပါတယ်။
နောက်တစ်ခု ပြောလိုတာကတော့ ကျွန်မတို့ ကျန်းမာရေးဌာနက ဆောင်ရွက်နေတဲ့ ကာကွယ်ဆေးထိုးလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေ ဖြစ်ပါတယ်။ လွိုင်ကော်ပြည်သူ့ ဆေးရုံကြီးမှာ ဆေးရုံအခြေပြု ကာကွယ်ဆေးထိုး ဆေးခန်းရှိပါတယ်။ ဆေးထိုး ဆေးခန်းမှာ ပြည်နယ်ကုသရေးဦးစီးဌာနမှူးရဲ့ ဦးဆောင်မှုနဲ့ ကာကွယ်ဆေးထိုးပေးတဲ့ လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရဟန်း သံဃာတော်များ၊ သီလရှင်များ၊ အသက် (၆၅) နှစ်အထက် သက်ကြီးရွယ်အိုများ၊ ပြည်သူ တွေနဲ့ အဓိကထိတွေ့နေရတဲ့ ပရဟိတ အဖွဲ့အစည်းများကို ရောဂါကာကွယ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုး ဆေးခန်းမှာ အဓိကထိုးနှံပေးသွားမှာ ဖြစ်ပါတယ်။ ကာကွယ်ဆေးများကို လာရောက်ထိုးနှံကြပါလို့ ပြောကြားချင်ပါတယ်။ ပြည်သူများအားလုံး ကာကွယ် ဆေးထိုးနှံ နိုင်ဖို့အတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းပြီး ကာကွယ်ဆေးထိုးဖို့ ကျန်နေတဲ့ စာရင်း တွေကို ပြုစုဆောင်ရွက်လျက် ရှိပါတယ်။
လွိုင်ကော်ပြည်သူ့ဆေးရုံကြီးအနေနဲ့ ဇူလိုင်လ (၃၁) ရက်နေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ ဆေးရုံတက်တဲ့လူနာ (၂၆၅) ဦး၊ ရောဂါပျောက်ကင်းပြီး ဆေးရုံဆင်းတဲ့လူနာ (၁၅၆) ဦး၊ သေဆုံးလူနာ (၁၉) ဦး ၊ သေဆုံးပြီးမှ စစ်ဆေးတွေ့ရှိတဲ့ ပိုးတွေ့လူနာ (၃) ဦး ရှိပါတယ်။ ဒါကြောင့် လွိုင်ကော်အနေနဲ့ ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူ စုစုပေါင်း (၂၂) ဦး ရှိပါတယ်။ ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့လူနာတွေနဲ့ ထိတွေ့ခဲ့တဲ့ လူနာများအနေနဲ့ မိမိအစီအစဉ်ဖြင့် ကုသခြင်းမပြုဘဲ ပြည်သူ့ဆေးရုံ အရေးပေါ်ဌာနမှာ လာရောက်ပြသပြီး ကုသမှုကို ခံယူစေချင်ပါတယ်။ ဒါကြောင့် ပြည်သူအားလုံးက ကာကွယ်မှုနည်းလမ်းတွေနဲ့ စနစ်တကျ ကာကွယ်နေထိုင်ကြပါလို့ တိုက်တွန်းပြောကြားလိုပါတယ်။
တွေ့ဆုံမေးမြန်းသူ - နုနုယဉ်မိုး(ပြန်/ဆက်)