ကျုံပျော် ဩဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် အသက် (၆၅) နှစ်နှင့်အထက် ဘိုးဘွား (၃၀၀၀)ဦးကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ တိုက်နယ် အသီးသီးတွင် ထိုးနှံပေးလျှက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ကျုံပျော်တွင် အဆိုပါ ကာကွယ်ဆေးကို ဇူလိုင် ၂၉ ရက်နေ့မှစ၍ ဘိုးဘွား (၁၀၀၀)ဦးအား စတင်ထိုးနှံခွင့် ရရှိခဲ့ပြီး၊ ယခု ထပ်မံတိုးမြှင့်၍ ဘိုးဘွား (၂၀၀၀) ဦးကို ထိုးနှံခွင့်ရရှိခဲ့ခြင်းဖြစ်ကြောင်း၊ စုစုပေါင်း အသက်(၆၅) နှစ်နှင့်အထက် ဘိုးဘွား (၃၀၀၀)ဦးကို ထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ထိုးနှံရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေး၊ ရောဂါကူးစက်ပျံ့ပွားမှု မရှိစေရေးအတွက် သတ်မှတ်စည်းကမ်း များနှင့်အညီစနစ်တကျစီစဉ်ပြီး၊ ဆေးထိုးမည့် ဘိုးဘွားများအား ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် စစ်ဆေးခြင်းနှင့် လိုအပ်ပါက သွေးပေါင်ကျဆေးတိုက်ကျွေးခြင်းတို့ကိုဆောင်ရွက်ကာစနစ်တကျ ကာကွယ် ဆေးထိုးနှံပေးလျှက်ရှိကြောင်း၊ အစပိုင်းနေ့များထက် ယခုရက်များတွင် လာရောက်ထိုးနှံသူ ပိုမိုများပြားပြီး၊ သံဃာတော်နှင့် သီလရှင်များပါ လာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
ကျုံပျော်မြို့နယ်တွင် ဆေးထိုးစုရပ်အဖြစ် မြို့မတိုက်နယ်၌ အ.ထ.က(၁) နှင့် အ.ထ.က (၂) တို့တွင် လည်း ကောင်း၊ ရေစခန်း၊ အထောင်၊ အင်းရဲ၊ ဒိုက်ပျက် စသည့်တိုက်နယ်များတွင် သက်ဆိုင်ရာ အထက်တန်းကျောင်း အသီးသီးတို့တွင်လည်းကောင်း၊ ဆေးထိုးစုရပ်များဖွင့်လှစ်ကာ ထိုးနှံပေးလျှက်ရှိကြောင်း၊ ဆေးထိုးနှံမှု စနစ်တကျရှိစေရန်အတွက် ကာကွယ်ဆေးထိုး စိစစ်ကြီးကြပ်ရေးအဖွဲ့များက ကူညီဆောင်ရွက်လျှက်ရှိပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများကလည်း ဆေးထိုးနှံနေမှုများကို လိုက်လံ ကြည့်ရှု၍ အားပေးကူညီမှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။