ကျွန်းစုမြို့တွင် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေး

ကျွန်းစု   ဩဂုတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၆၅)နှစ်အထက် သက်ကြီးရွယ်အိုများအား ယမန်နေ့နံနက် (၉)နာရီမှစ၍ Sinopharm  (CHINA) ထုတ် ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများကို  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာ‌ရေးဝန်ထမ်းများက အုပ်စု(၇)ဖွဲ့ခွဲ၍ သတ်မှတ်နေရာအသီးသီး၌ အသက် ၆၅ နှစ်နှင့်အထက် အဘိုးအဘွားများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ရာ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ အသီးသီးမှ ကြီးကြပ်စီမံခန့်ခွဲညှိနှိုင်း ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြသည်။

ကာကွယ်ဆေးထိုးခြင်းကို အ.ထ.က ကျွန်းစု၊ ကတန်၊ တာရပိုင်း၊ စခန်းသစ်၊ ကံမော်၊ ရေကန်တောင်၊ မောင်းလှော်/ညောင်ဘီး တို့၌ ဆောင်ရွက်ခဲ့ကြပြီး ဩဂုတ်လ (၁)ရက်နေ့တွင် ကာကွယ်လာရောက်ထိုးနှံသူ စုစုပေါင်း(၁၈၆)ဦး လာရောက်ထိုးနှံကြကြောင်း၊ ကျွန်းစုမြို့နယ်ကို Sinopharm  (CHINA) ထုတ် ကိုဗစ်ကာကွယ်ဆေး အလုံး(၂၀၃၀)ရရှိပြီး ပြည်သူများအား ဦးစားပေးအစီစဉ်အတိုင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေးထိုးရန် အခြားကျန်ရှိနေသူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေး အစီအစဉ်အလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)