သံတောင်ကြီးမြို့နယ်တွင် သံဃာတော်များနှင့် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

သံတောင်ကြီး  ဩဂုတ် 2

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် သံဃာတော်များ၊ ခရစ်ယာန် ဘာသာရေးအသင်းအဖွဲ့များမှ ဆရာတော်များ၊ အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဝန်ထမ်းများ၊ Volunteer နှင့် ပရဟိတအသင်းအဖွဲ့များအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံပေးခြင်းကို ယနေ့နံနက်()နာရီ အချိန်က သံတောင်ကြီးမြို့နယ်ပြည်သူ့ဆေးရုံတွင် စတင်ထိုးနှံ ပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteer များကကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်ရာတွင် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ သွေးအတွင်းအောက်ဆီဂျင်ပါ ဝင်မှုပမာဏတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးကာ ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးနှံပြီးပါက မိနစ်(၃၀)ခန့်အနားယူစေခြင်းများ ဆောင်ရွက်ပေးခဲ့သည်။

ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်း  နှင့်  စပ်လျဉ်း၍   မြို့နယ်အုပ်ချုပ်ရေးမှူးဦးသိန်းဆင့်က "သံတောင်ကြီးမြို့နယ်အနေနဲ့ ပထမအကြိမ်ကာကွယ်ဆေးအလုံးရေ (၁၀၀၀) လုံး ရရှိပါတယ်။ ဦးစားပေးအနေနဲ့သံဃာတော်တွေနဲ့ ဘာသာရေးအသင်းအဖွဲ့ထဲက ဆရာတော်တွေ၊ အသက် (၆၅)နှစ်အထက်သက်ကြီးဘိုးဘွားတွေ၊ အစိုးရ၊ ပုဂ္ဂလိကကျန်းမာရေး ဝန်ထမ်းတွေ  Volunteer နဲ့ ပရဟိတအဖွဲ့တွေ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းတွေ၊ အကျဉ်းသားတွေကိုထိုးနှံ ပေးဖို့ဆောင်ရွက်ထားပါတယ်။ နောက်ပိုင်း ကာကွယ်ဆေးများထပ်ရောက်လာပါက ကာကွယ်ဆေးရရှိမှုပေါ်မှာမူတည်ပြီး မထိုးရသေးတဲ့ပြည်သူတွေကို ဆက်လက်ထိုးနှံပေးဖို့ရှိပါတယ်" ဟုပြောကြားခဲ့သည်။

သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အလုံးရေ (၁၀၀၀) ရရှိပြီး သံတောင်ကြီးမြို့ပြည်သူ့ဆေးရုံ၊ သံတောင်မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လိပ်သိုမြို့ တိုက်နယ်ဆေးရုံ၊ ဘောဂလိမြို့သပြေညွန့်ကျေးရွာကျန်းမာရေးဌာနတို့တွင် ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ  သံတောင်ကြီးမြို့နယ်တွင်   ကာကွယ်ဆေးထိုးနှံရန် လာရောက်သည့်   သူများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ Volunteer နှင့်ပရဟိတများက လိုအပ်သည် များကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။