ခမောက်ကြီးမြို့တွင် တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေး

ခမောက်ကြီး ဩဂုတ်


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် အသက်(၆၅)နှစ် အထက်ပြည့်သူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ သာသနာ့ဝန်ထမ်းများဖြစ်သည့် ရဟန်းသံဃာတော်များ၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် ဝန်ထမ်းများအား ယနေ့နံနက် (၉)နာရီက အထက(ခမောက်ကြီး)ကျောင်းတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ထိုးနှံခြင်းကို ခမောက်ကြီးမြို့၊ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချူပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ စီစဉ်ကြီးကြပ်မှုဖြင့် အထက(ခမောက်ကြီး)တွင် ကျန်းမာရေးဝန်ထမ်းများ၊ ခမောက်ကြီးတပ်နယ်မှ ဆေးတပ်ဖွဲ့ဝင်များ၊ Volunteer များက ဆေးထိုးနှံမည့်သူများအား ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။


ကာကွယ်ဆေးထိုးနှံခြင်းကို အမှတ်(၂၀) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်မင်းထက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချို၊ ခမောက်ကြီးမြို့မှ မြိူ့အုပ်ချုပ်ရေးမှူး ဦးခိုင်ကိုဦးနှင့် ဌာနဆိုင်ရာများက ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေသခံပြည်သူများ၏ ရင်တွင်းစကားသံမှာ ခမောက်ကြီးမြို့၊ အမှတ်(၁)ရပ်ကွက်တွင် နေထိုင်သူဦးရွှေဝင်းက" ဆေးမထိုးသေးမီကတော့ ငါဘယ်အချိန်ကူးမလဲလို့ ကြောက်တာ ပေါ့နော်။ အခုဆေးထိုးပြီးပြီဆိုတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာတယ်။ သုံးပုံမှာ နှစ်ပုံလောက် ကူးစက်နိုင်ခြေ လျော့နည်းသွားပြီလို့ထင်ပါတယ် "ဟု ပြောကြားခဲ့ပါသည်။
တရုတ်နိုင်ငံထုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm ဆေးသည် ခမောက်ကြီးမြို့အတွက် ဆေးအလုံးရေ (၄၀၀)လုံး ရရှိသဖြင့် ဆေးတစ်လုံးလျှင် လူ(၂)ဦးနှုန်း ထိုးနှံနိုင်ကြောင်း သိရသည်။