ပွင့်ဖြူ ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် အသက်အရွယ်ကြီးရင့်သူများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့မှ စတင်ပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျေးရွာများမှ ဘိုးဘွားများကို ကာကွယ်ဆေး ဆက်လက် ထိုးနှံဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှု ပမဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ်ဆေးကို စနစ်တကျထိုးနှံဆောင်ရွက်ပေးကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံသော သက်ကြီးဘိုးဘွားများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက လိုအပ်သောကိစ္စများကို ကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် အသက် (၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေး ကာကွယ်ဆေးအလုံးရေ ၁၀၅၀ ရရှိထားပြီး ဆေးတစ်လုံးလျှင် နှစ်ဦးနှုန်း ထိုးနှံပေးသွားမည်ကာ စုစုပေါင်း သက်ကြီးဘိုးဘွား ၂၁၀၀ ဦး လျာထား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ပွင့်ဖြူမြို့နယ် ဥယျာဉ်ကျစ်ရွာကျေးရွာ၊ လက်ပနွယ်ကျေးရွာ၊ ဇီးတောကျေးရွာ၊ ရွာခိုင်ကျေးရွာ၊ မုန်းဇလဲကျေးရွာ၊ သမန်းရင်းကျေးရွာနှင့် ကျောင်းကုန်းကြီးကျေးရွာတို့မှ အသက်(၆၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများကို ထိုးနှံပေးခြင်းဖြစ်ပြီး၊ နေ့လယ်ပိုင်းတွင် လယ်ကိုင်းကျေးရွာ၊ လယ်လှကုန်းကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ နဘဲကုန်းကျေးရွာ၊ ကံသာကြီးကျေးရွာ၊ ကုလားဟောင်းကျေးရွာနှင့် ကံဆွယ်ကျေးရွာတို့မှ သက်ကြီးဘိုးဘွားများကို ထိုးနှံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ကျန်ရှိသည့်ကျေးရွာများမှ သက်ကြီးဘိုးဘွားများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင် ထံက သိရသည်။
မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးမှုအခြေအနေအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် သက်ကြီးဘိုးဘွားများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )