ကသာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ဝန်ထမ်းများနှင့် ဝန်ထမ်း မိသားစုများအား ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

 

ကသာ ဩဂုတ်  ၂

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကသာမြို့နယ် အတွင်းရှိ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသည့် ခရိုင်နှင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ နိုင်ငံ့ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအား ဩဂုတ်လ()ရက်နေ့ နံနက်(၈) နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို ဇူလိုင်လ(၄)ရက်နေ့နှင့် (၅)ရက်နေ့များတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်အဖြစ်ထိုးနှံခဲ့ရာ စုစုပေါင်းလူဦးရေ (၂၇၀)ဦးရှိခဲ့ပြီး ယင်းဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးပေးခြင်းဖြစ်ကြောင်း၊ ကာကွယ်ဆေး ထိုးနှံသူများကိုလည်း လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရာတွင် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကသာ ပြည်သူ့ဆေးရုံမှ တာဝန်ရှိသူများကလည်း ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ဩဂုတ်လ အတွင်း၌ ကသာမြို့နယ်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)