မအူပင် သြဂုတ် ၂
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ အသက် ၆၅နှစ်နှင့် အထက်ရှိသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး စတင်ထိုးနှံမှုအား ယနေ့နံနက် ၉နာရီက မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ယမန်နေ့နံနက်ပိုင်းတွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံပေးရာတွင် ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်၏ လမ်းညွှန်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများနှင့်တာဝန်ရှိသူတို့က ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် အသက် ၆၅ နှစ်နှင့် အထက်အဘိုးအဘွားများအား ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်းများ ပြုလုပ်ပေးပြီးနောက် ကာကွယ်ဆေးအား စနစ်တကျ ထိုးနှံပေးခဲ့ပြီး မိနစ် ၃၀ အနားယူစေပြီး စိတ်ချသည့်အခြေအနေရောက်ရှိမှသာ စနစ်တကျပြန်ခွင့်ပြုထားကြောင်း သိရသည်။
မအူပင်မြို့နယ်အတွင်း ဆေးထိုးအုပ်စုနေရာများအဖြစ် ကျောင်းရွာ(အ.ထ.က)ကျောင်း၊ မလတ်တို (အ.ထ.က)ကျောင်း၊ ရွှေတောင်မှော်(အ.ထ.က)ကျောင်း၊ ကျွဲဒုံး(အ.ထ.က)ကျောင်း၊ လက်ပံကုန်း(အ.ထ.က)ကျောင်း၊ မအူပင်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းစသည့် နေရာများတွင်အဖွဲ့(၆)ဖွဲ့၊ နေရာ(၆)နေရာခွဲပြီး အုပ်စုပေါင်း(၈၈)အုပ်စုများအား သတ်မှတ်ရက်များအလိုက် ဆက်လက်ထိုးနှံပေးလျက်ရှိပြီး မအူပင်မြို့ပေါ်အနေဖြင့် ယမန်နေ့တွင် မြို့ပေါ်(၁၂)ရပ်ကွက်နှင့်ကံကုန်း၊ တလုပ်လပ်(အနောက်)ညောင်ဝိုင်းမှ အသက် ၆၅နှစ်နှင့် အထက် သက်ကြီးဘိုး/ ဘွားများအား မွန်းလွဲပိုင်းအထိ ဆက်လက်ထိုးနှံပေးခဲ့ရာ (၁၅၃)ဦးခန့် ထိုးပေးသွားပြီးဖြစ်ကြောင်း မအူပင်မြို့အ.ထ.က(၁)ကျောင်းဆေးထိုးကြီးကြပ်တာဝန်ရှိသူထံမှ သိရသည်။