ဆင်ပေါင်ဝဲ ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ဆက်ဦးစီးဌာန၊ မီးသတ်ဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့အတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ယမန်နေ့ ညနေ ၅ နာရီက မြို့ပေါ်ရပ်ကွက်များအတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ နေထိုင်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ကြရန်၊ မဖြစ်မနေအကြောင်းကိစ္စ ဆောင်ရွက်ရန်၊ နေအိမ်ပြင်ပသို့ထွက်ခွာခြင်းနှင့် မိမိအိမ်တွင် ပြင်ပမှလာသော ဧည့်သည် များအား လက်မခံပါရန်၊ တစ်ခုခုကို ကိုင်တွယ် ထိတွေ့ပြီးတိုင်း လက်ကိုဆပ်ပြာဖြင့် အနည်းဆုံးစက္ကန့်(၂၀) အကြာဆေးကြောသန့်စင်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လူတစ်ဦးနှင့် တစ်ဦး ၆ ပေအကွာနေထိုင်ရန်၊ မိမိအိမ်၊ မိမိနေရာများကို လေဝင်လေထွက်ကောင်းအောင် ပြုပြင်ထားရှိရန်၊ နှာခေါင်းစည်းများကိုစနစ်တကျတပ်ဆင်ရန်၊ နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိသောသူနှင့် စကားပြောခြင်းနှင့် တွေ့ဆုံခြင်းတို့မှ ရှောင်ကြဉ်ရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်များ၊ တားမြစ်ချက်များ၊ အသိပေးချက်များကို တိကျစွာလိုက်နာဆောင်ရွက်ကြရန်စသည့် အချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိလိုက်နာဆောင်ရွက်နိုင်ရေး အသိပေးနှိုးဆော်ခဲ့ကြသည်။
ထို့အပြင် ဆင်ပေါင်ဝဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်း သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးများက
ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများနှင့် ဓမ္မာရုံတို့မှ အသံချဲ့စက်ဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်အသိပညာပေး
နှိုးဆော်လျက်ရှိကြောင်း သိရသည်။