ကော့သောင်း သြဂုတ် ၂
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် အသက်(၆၅)နှစ် အထက်သက်ကြီးရွယ်အိုများအား ယနေ့ နံနက်ပိုင်းက ဒုတိယအကြိမ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ကော့သောင်းမြို့၊ မဉ္ဇူသကပြည်သူ့ခန်းမ၌ တတိယနေ့အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကော့သောင်းခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ် ကြီးကြပ်မှုဖြင့် ကော့သောင်းမြို့၊ ပြည်သူ့ကျန်းမာရေးဌာနဝန်ထမ်းများနှင့် ကုတင်(၁၀၀) တပ်မတော်ဆေးရုံ ဆေးဝန်ထမ်းများက ထိုးနှံပေးခြင်းဖြစ်ပြီး ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူများ၊ ကြက်ခြေနီနှင့်ဘော်လံတီယာအဖွဲ့များမှ လိုအပ်သည့်ပံ့ပိုး ကူညီမှုများဆောင်ရွက်ပေးလျက်ရှိသည်။
ကော့သောင်းမြို့နယ်အနေဖြင့် ဇွန်လအတွင်းက ပထမအကြိမ် အဖြစ် သံဃာတော်နှင့်သီလရှင် များ၊ သက်ကြီးရွယ်အိုများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် အသက် (၁၈)နှစ်နှင့်အထက် မြို့နေပြည်သူများ အပါအဝင် လူဦးရေစုစုပေါင်း(၅၄၂၅) ဦးအား ကာကွယ်ဆေး(၂)ကြိမ်စီ အကြိမ်ပြည့် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ယခုဒုတိယအကြိမ်အဖြစ် ဇူလိုင်လ၃၁ရက်နေ့က စတင်ထိုးနှံပေးရာတွင် ရရှိသည့် ကိုဗစ်၁၉ကာကွယ်ဆေးSinopharm အလုံး(၂၁၅၀)ဖြင့် တစ်လုံးလျှင် လူ(၂)ဦး နှုန်းဖြင့် လူဦးရေ(၄၃၀၀)အား ထိုးနှံပေးရန် စီစဉ်ထား ပြီး ယနေ့ တတိယနေ့ဆေးထိုးနှံ့ပေးမှုအဖြစ် နံနက်ပိုင်းတွင် အဏ္ဏဝါရပ်ကွက်ရှိ အသက်(၆၅) နှစ်အထက်သက်ကြီးရွယ်အိုများအား စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး ဆက်လက်၍ညနေပိုင်း တွင် ပထမအကြိမ်ကာကွယ်ဆေးထိုးစဉ်က ကျန်ရှိသည့် ရဟန်းသံဃာတော်ကြီးများ၊ သီလရှင် များနှင့် အခြားဘာသာအသီးသီးမှ သက်ကြီးရွယ်အိုဘာသာရေး ခေါင်းဆောင်များအား ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)