မြို့သစ် ဩဂုတ် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီးရှိ ပတ်ချောင်းတံတားသည် ပြုပြင်ပြီးစီးသွားပြီဖြစ်၍ ခရီးသည်တင်မော်တော်ကားများ ဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း လမ်းဦးစီးဌာနမှ သိရသည်။
အဆိုပါ ပတ်ချောင်းတံတားအမှတ် (၃/၄၂)သည် ဇူလိုင်လနောက်ဆုံးအပတ်ခန့်က မိုးသည်း ထန်စွာရွာသွန်းမှုကြောင့် ချဉ်းကပ်လမ်းမြေသားနံရံရေတိုက်စားပြီးပြိုကျကာ တံတားကျိုးကျ သွားခဲ့ခြင်းဖြစ်သည်။ ပတ်ချောင်းတံတားက တမူး-စေတီကားလမ်း မိုင်တိုင် အမှတ်(၄၁/၅)နဲ့ (၄၁/၆)ကြားမှာရှိပြီး အရှည်(၅၂)ပေ၊အကျယ်(၁၂)ပေခွဲရှိတဲ့ဘေလီသစ်သားတံတားဖြစ်ပါတယ်၊ တံတားပြီးစီးသွားပြီဖြစ်လို့ ကားများဖြတ်သန်းသွားလာလို့ရပါပြီဟု လမ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
အဆိုပါ တံတားသည် တမူးခရိုင်၊ မြို့သစ်မြို့၊ စေတီကျေးရွာအနီးတွင်ရှိကာ တမူးမြို့နယ်မှ တဆင့် ကဘော်ချိုင့်ဝှမ်းဒေသအထက်ပိုင်းကျေးရွာများနှင့် ဟုမ္မလင်းမြို့နယ်သို့ ဆက်သွယ် သွားလာရာတွင် အထောက်အကူပြုသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။
ထွန်းမင်းအောင် (ကဘော်မြေ)