မင်းဘူး ဩဂုတ် ၂
မကွေးတိုင်းဒေသကြီး မင်းဘူးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မင်းဘူးမြို့နယ် မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုး မူလတန်း ကြိုကျောင်းများ၌ တပြိုင်တည်း ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် မင်းဘူး(စကု)မြို့နယ်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကာကွယ်ဆေး အလုံး ၂၁၀၀ ရရှိမှာဖြစ်ပြီး စကုမြို့နယ်အတွက် အလုံး ၅၀၀ နှင့်မင်းဘူးမြို့နယ်အတွက် အလုံး ၁၆၀၀ တို့ကို ယနေ့ နံနက်ပိုင်းက အသက်(၆၅)နှစ်အထက် ပြည်သူ ၁၀၀ ဦးနှင့် ညနေဘက်တွင် ဌာနဆိုင်ရာ ဝန်ထမ်း ၁၀၀ ဦးတို့အပြင် စကုမြို့တို့တွင်လည်း ရပ်ကွက်နှင့် ဌာနများအလိုက် လူဦးရေ ၁၀၀ ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိပြီး ကကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် ဝန်ထမ်းများနှင့် အများပြည်သူများကိုလည်း ၇ ရက်တိုင်တိုင် ဆက်လက် ထိုနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရာတွင် ပရဟိတ အဖွဲ့ဝင်များမှ ဆေးဖျန်းခြင်း၊ မြို့နယ် ကျန်းမာရေး ဦးစီးဌာနရှိ ဝန်ထမ်းများက ကာကွယ်ဆေး လာရောက် ထိုနှံသူများကို ကိုယ်အပူချိန် တိုင်တာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေး ဌာနရှိ ဆရာ ဆရာမများ၊ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများနှင့် လုံခြုံရေး အဖွဲ့ဝင်များက ဝိုင်းဝန်းကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့တွင် မင်းဘူးခရိုင်အတွင်း ပွင့်ဖြူမြို့နယ်၊ စလင်းမြို့နယ်၊ ငဖဲမြို့နယ်နှင့် စေတုတ္တရာ မြို့နယ်များတွင် မြို့နယ်အတွင်းရှိ အသက်(၆၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား သတ်မှတ်နေရာ အသီးသီးတို့၌ မြို့နယ်စီမံအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများနှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ကိုထိုးနှံပေးခဲ့ကြကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)