ကရင်ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ထိုင်းနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသားများအား ကြိုဆိုအားပေးပြီး ပြန်လည်လက်ခံနေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေး

မြဝတီ သြဂုတ် ၂

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေး တံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ယမန်နေ့ နံနက် ၈ နာရီမှ စတင် ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား ကရင်ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်က ကြိုဆိုအားပေးစကား ပြောကြားပြီး နေရပ်ပြန်များအား ကြိုဆိုလက်ခံရာတွင် စာရင်းကောက်ယူမှု အခြေအနေများ၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးဆောင်ရွက်နေသည့် အခြေအနေ များ၊ ပြန်လာသူများအား သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များသို့ ပြန်လည်ပို့ဆောင် ပေးနေသည့် အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်သည် ထိုင်းနိုင်ငံမှ ပြန်လာသည့် မြဝတီ ဒေသခံများအား အသွားအလာကန့်သတ်ထားရှိမည့် ကျောက်လုံးကြီး ကွာရတင်းစင်တာ(Quarantine)တွင် ကြိုတင် ပြင်ဆင် ထားမှု အခြေအနေများ၊ ရေကြီးမှုဖြစ်ပွားခဲ့သည့် ရွှေမြဝတီကိုဗစ်စင်တာတို့တွင် ပြန်လည်ပြင်ဆင်ဆောင်ရွက်ရမည့် အခြေ အနေများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

“ကျွန်တော်တို့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံသားတွေကို ပြန်လည်ကြိုဆိုလက်ခံတာကို ဇွန်လ ၁၇ ရက်နေ့က စပြီး ရပ်နား ထားပြီးတော့မှ အခုတော့ တစ်ဖက်နိုင်ငံမှာ ရောက်ရှိနေတဲ့ ကိုယ့်နိုင်ငံသားတွေ ပြန်လာချင်တဲ့ ဆန္ဒရှိတဲ့အတွက်  ဒီကနေ့ ကနေစပြီး တစ်ရက်ကို ၂၀၀ နှုန်းနဲ့ တစ်ရက်ခြား လက်ခံသွားမှာ ဖြစ်ပါတယ် ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့် က ပြောသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများမှ မြဝတီခရိုင်နှင့်ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ ချက်ခြင်း စစ်ဆေးပေးမည်ဖြစ်ကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာတွင် ကုသမှုခံယူစေမည်ဖြစ်ပြီး ရောဂါပိုးမရှိ သူများအား ကျောက်လုံးကြီး ကွာရတင်းစခန်းတွင်(၁၀)ရက်ကန့်သတ်ထားမည် ဖြစ်ကြောင်း သိရသည်။

အခြားသက်ဆိုင်ရာတိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်အား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ရောဂါစစ်ဆေးခြင်းနှင့် ကန့်သတ်စောင့်ကြည့်ခြင်းတို့အား  သက်ဆိုရာတိုင်းဒေသကြီး၊ ပြည်နယ် အစီအစဉ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။

ယနေ့ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးမှ အမျိုးသား ၁၁၆ ဦး၊ အမျိုးသမီး ၈၆ ဦး စုစုပေါင်း ၂၀၂ ဦးရှိကြောင်း တာဝန်ရှိသူထံမှ သိရသည်။

ထိန်လင်းအောင်